fbpx

ဖရဲသီးအကူအညီဖြင့် စစ်ကားတစ်စီးဖျက်ဆီးပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်း သေဆုံးအောင် ရှင်းလင်းနိုင်ခဲ့ကြောင်း PDF(တမူး)ထုတ်ပြန်

Photo – PEOPLE’S DEFENSE FORCE (TAMU)တပ်ရင်း ၁မှ တပ်ဖွဲ့ဝင်များ
By MPA 001
ဖရဲသီးအကူအညီဖြင့် စစ်ကားတစ်စီးဖျက်ဆီးပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးအောင် ရှင်းလင်းနိုင်ခဲ့ကြောင်း PEOPLE’S DEFENSE FORCE (TAMU)၊ တပ်ရင်း-၂ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ယနေ့ည ၉နာရီ ၄၅မိနစ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယနေ့လည် ၂နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တမူးမြို့၊ ( တပ်ရင်း-၁ ) နှင့် ( တပ်ရင်း-၂ ) ပူးပေါင်းပြီး တမူး‌-အောင်ဇေယျ ကားလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း PEOPLE’S DEFENSE FORCE (TAMU)တပ်ရင်း ၁ မှ အတည်ပြုပြောကြားခဲ့သည်။
“နေ့လည်က ပူးပေါင်းတပ်ဖွဲ့တွေနဲ့တိုက်တယ်။ထိတွေ့မှု နှစ်ကြိမ်ဖြစ်တယ်။တိုက်ပွဲပြင်းထန်တယ်ပေါ့။ကျန်တာတော့ ထုတ်ပြန်ချက်အတိုင်းပါပဲ”ဟု PEOPLE’S DEFENSE FORCE (TAMU)တပ်ရင်း ၁၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့ဖြစ်ပွါးခဲ့သည့် တမူး‌-အောင်ဇေယျ ကားလမ်းတိုက်ပွဲသည် တပ်တွင်းဖရဲသီးအကူအညီဖြင့် တပ်အချိန်းအပြောင်းပြုလုပ်ရန် သွားလာ နေသည့် စကစယာဉ်တန်းကို အလစ်အငိုက် ခြုံခိုကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၁မိနစ်ကြာ ပထမကြိမ်ထိတွေ့မှု(၂:၁၉)နာရီမှ (၂:၄၀) နှင့် ၃၂မိနစ်ကြာ ဒုတိယအကြိမ်ထိတွေ့မှု (၃:၂၂) နာရီမှ (၃:၅၄)နာရီဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း PEOPLE’S DEFENSE FORCE (TAMU)၊ တပ်ရင်း-၂မှ အတည်ပြုခဲ့သည်။
ယင်းထိတွေ့မှုနှစ်ကြိမ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကားတစ်စီးပျက်စီးကာ စစ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ(စိုးရိမ်)ရသူအများအပြားဖြင့် တမူးမြို့ဘက်ပြန်လည်မောင်းပြေးသွားကြောင်း PEOPLE’S DEFENSE FORCE (TAMU)၊ တပ်ရင်း-၂မှ ထုတ်ပြန်သည်။
“သေတာတော့ ၁၅ဦးထက်မနည်းသေတယ်။ထိတဲ့သူလည်းများတယ်။ဘာလို့လဲဆို အဝေးပစ်စကုပ်နဲ့ကြည့်တဲ့အချိန်မှာ သူတို့ကားတန်းရဲ့ နောက်ဆုံးကားပေါ်ကို လက်နက်ကြီးကျတယ်။တိုက်ပွဲဖြစ်နေချိန်သူတို့ဘက်ကို ထိပြီး သေတာတွေလဲတွေ့တယ်။ကျွန်တော်တို့ဘက်က ထိတဲ့သူမရှိပါဘူး။နှစ်နေရာခွဲတိုက်တာဆိုတော့။ခွေးတွေ ခွေးပြေးပြေးသွားရတယ်။”ဟု PEOPLE’S DEFENSE FORCE (TAMU)တပ်ရင်း ၁၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိမှာ ပူးပေါင်းတပ်ဖွဲ့ဝင်များအနေနှင့် ဘေးကင်းလုံခြုံရာအရပ်တွင် ထိခိုက်ဒဏ်ရာရသူတစ်ဦးမှ မရှိပဲ အောင်မြင်စွာဆုတ်ခွါခဲ့ပြီး တမူး-အောင်ဇေယျ လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တမူးမြို့၊ တပ်ရင်း-၁ နှင့် တပ်ရင်း-၂ တို့ပူးပေါင်းပြီး ၍ နယ်မြေရှင်းလင်းရေးနှင့် ‌ယာဉ်စစ်ဆေးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြည်သူများထံအသိပေးခဲ့သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: