fbpx

ထီးလင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးအား လက်နက်များနှင့်အတူဖမ်းမိ

26 April 2022 By MPA
 
ထီးလင်းမြို့ အကြည်ဝါးဘင်းရွာအနီး ဧပြီ ၂၅ ရက်က ဖြစ်ပွားသောတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ် (YDF)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
ဧပြီ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဂန့်ဂေါဘက်မှ ထီးလင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ တပ်မ ၁၁ အား YDF ၏တပ်ရင်း ၆ ၊တပ်ရင်း ၇ နှင့် တပ်ရင်း ၁၄ တို့မှ စုပေါင်းလက်ရွေးစင်တပ်သားများက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့သည်။
 
အကြမ်းဖက်စစ်ကောင်စီဘက်က အင်အား ၉၀ ခန့်ရှိပြီး ဖရိုဖရဲထွက်ပြေးကြချိန်တွင် ၎င်းတို့ဘက်မှ တပ်သား နိုင်လင်းအောင်ကို ဖမ်းမိခဲ့ကြောင်း ၊ ၎င်းနှင့်အတူ MA 3  သေနတ် ၁ လက်၊ MA 3  ကျည်တောက် ၃ ခု၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊RPG ဗုံးသီးတစ်လုံးနှင့် ၅.၅၆ ကျည် ၂၁၉ တောင့်အပါအဝင် အခြားအသုံး အဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း YDF ကထုတ်ပြန်သည်။
 
“ဒီသုံ့ပန်းနဲ့ပတ်သက်ပြီး လက်ရှိမှာ ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်။ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ ဆက်လုပ်သွားမယ်”ဟု YDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး အရေအတွက်အတိအကျကိုမူ အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ YDF ဘက်မှ ရဲဘော်များထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။
 
ယောဒေသကာကွယ်ရေးတပ်သည် စစ်လက်နက်ပစ္စည်းများကိုလည်း ထုတ်လုပ်နေပြီး တာဝေးပစ် ပခုံးထမ်းလောင်ချာကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြည်သူများအား ယခုရက်ပိုင်းအတွင်း ဗီဒီယိုဖိုင်နှင့်တကွ အသိပေးထုတ်ပြန်ထားသည့်အဖွဲ့လည်းဖြစ်သည်။
 
( Photo – YDF / ပုံစာ – ဖမ်းမိခဲ့သည့် တပ်သားကိုတွေ့ရစဉ် )
 
#YDF #ယော #အကြမ်းဖက်စစ်ကောင်စီ #အရှင်ဖမ်းမိ #MPA #Myanmar

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: