fbpx

နိုင်ငံရေးပုဒ်မတပ်အဖမ်းခံရသည့်အမျိုးသမီး ၃၀ ဦးကို နယ်ထောင်များသို့ပြောင်းရွှေ့သလို ထောင်တွင်း နှိပ်စက်မှုများရှိနေ

အင်းစိန်ထောင်တွင်းမှာ နိုင်ကျဉ်းဖြစ်သူ အမျိုးသမီး၏ သူငယ်ချင်းများထံသို့ပေးပို့သည့်စာ
By 001 / MPA
နိုင်ငံရေးပုဒ်မတပ်အဖမ်းခံရသည့် အမျိုးသမီး ၃၀ဦးကို နယ်ထောင်များသို့ပြောင်းရွှေ့ကာ နှိပ်စက်မှုများရှိနေကြောင်း အင်းစိန်ထောင်အတွင်း နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူအမျိုးသမီးတစ်ဦးမှ ပြင်ပတွင်တိုက်ပွဲ၀င်နေသည့် ရဲဘော်များထံသို့ စာပေးကာအသိပေးပြောဆိုခဲ့သည်။
အထက်ပါထောင်ပြောင်းရွှေ့ခံရသည့် အမျိုးသမီး၃၀ဦးသည် ရန်ကုန်တိုင်း၊အကျဉ်းဦးစီးဌာန၊အင်းစိန်ထောင်အတွင်း နိုင်ငံရေးပုဒ်မအသီးသီးဖြင့် အမျိုးသမီးဆောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်ပြီး သာယာဝတီအကျဉ်းထောင်၊ ကျိုက်မရောအကျဉ်းထောင်နှင့် ဒိုက်ဦးအကျဉ်းထောင်များကို ရွှေ့ပြောင်းခံခဲ့ရကြောင်း နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသည့် အမျိုးသမီးမှ ပြောသည်။
“ထောင်ပြောင်းရတဲ့သူတွေကို မေရွက်ဝါဆိုတဲ့ အကျဉ်းဦးစီးဌာနကတစ်ပွင့်ရာထူးနဲ့ ဟာမက ရိုက်ပြီးအခန်းထဲကဆွဲထုတ်သွားတယ်။ နံပါတ်တုတ်နဲ့ရိုက်တာ”ဟု နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူအမျိုးသမီးမှ ပြောသည်။
နိုင်ငံရေးပုဒ်မဖြင့် အင်းစိန်အကျဉ်းထောင်အတွင်း ထောင်ဒဏ်ကျခံနေရသည့် အမျိုးသမီးများသည် အကျဉ်းထောင်အာဏာပိုင်များ၏ မတရားလက်လွန်အာဏာအလွဲသုံးစားလုပ်ကာ ဖိနှိပ်မှုများ၊မတရားညှင်းပန်းနှိပ်စက်မှုများနှင့် လုပ်ရမည်ထက်ပိုသော အလုပ်များကို အကျဉ်းထောင်အဆောင်မှုး၏ ပုဂ္ဂိုလ်ရေးခံစားချက်ပေါ်အခြေခံကာ ခိုင်းစေနေကြောင်း နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူအမျိုးသမီးမှ ထုတ်ဖော်ပြောဆိုခဲ့သည်။
“ထောင်ထဲမှာလဲပြင်ပကလိုပဲ တိုက်ပွဲတွေရုန်းကန်မှုတွေရှိတယ်။အပြင်ကလူတွေအနေနဲ့ အထဲကလူတွေကို မညှာပဲ လုပ်စရာရှိတာလုပ်ကြပါ။အားလုံးကစောင့်နေကြတာပါ။အရေးတော်ပုံအောင်ရမည်”ဟု နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူအမျိုးသမီးမှ ထုတ်ဖော်ပြောဆိုခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီ အာဏာစတင်သိမ်းယူသည့် ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့ကစတင်ပြီး အကြမ်းဖက် စစ်တပ်အမြစ်ပြတ်ဖြုတ်ချရေးနှင့် ဒီမိုကရေစီနည်းကျ ပြည်သူ့ဆန္ဒထုတ်ဖော်သူများကို နိုင်ငံရေးပုဒ်မကို အခြေခံကာ မတရားဥပဒေများစွာဖြင့် နိုင်ငံတစ်ဝှမ်းဖမ်းဆီးချုပ်နှောင်နေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၃၅၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၀၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်ထားသည်။
ထိုပြစ်ဒဏ်ကျခံရသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၅၉) ဦးမှာ သေဒဏ်ချမှတ်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၇) ဦးရှိကြောင်းနှင့် ယင်းထဲမှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသောကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၀၀) ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ပြောသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: