


1 May By MPA 001
ရန်ကုန်အခြေစိုက် ပကတများကို မြို့ပြပြောက်ကျား Dark Shadows အဖွဲ့နှင့် မစ်ရှင်များဆက်သွယ်ပူးပေါင်းခြင်းမပြုသေးရန် Dark Shadows အဖွဲ့နှင့် ရင်းနှင်းသူတစ်ဦးက သတိပေးသည်။
ပြီးခဲ့သည့် ဧပြီလ ၈ရက်နေ့က ရန်ကုန်မြို့တော်ခန်းမအနီးတွင် ဗုံးဖောက်ခွဲမှုပြုခဲ့ပြီး လေးရက်အကြာ၌ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အပိုင် ကမ်းနားလမ်းတွင် မြို့တော်ခန်းမ ဗုံးဖောက်ခွဲမှုနှင့်ပတ်သက်ပြီး သံသယရှိသူသုံးဦးကို ဖမ်းမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။
“ဧပြီလ ၁၂ရက်နေ့ကစပြီး သုံးယောက်ဖမ်းခံရတာပေါ့။ သူတို့ကတစ်ဆင့် လက်ဝေခံတွေအဖမ်းခံရတာပေါ့။အားလုံးကရှောင်နိုင်သလောက်ရှောင်ခဲ့ကြပေမယ့်လဲ ဒီလထဲတိုးဂိတ်မှာ ထပ်အဖမ်းခံရတယ်။ အဲ့ဒီရဲဘော်တွေထဲ အသတ်ခံရတဲ့သူတစ်ဦးရှိတယ် ” ဟု Dark Shadows အဖွဲ့နှင့် ရင်းနှင်းသူတစ်ဦးက ပြောသည်။
လက်ရှိလူမှုကွန်ရက်ပေါ်နှင့် မီဒီယာအချို့တွင် ဖော်ပြနေသည့် Dark Shadowsအဖွဲ့ဝင် ၁၄ဦးအသတ်ခံရမှုသတင်းသည် အတည်ပြုလို့မရသေးကြောင်းနှင့် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ အလတ်ချောင်း ရွာတွင် လူငယ် ၁၄ ဦးဖမ်းမိပြီး တစ်ဦး အသတ်ခံရမှု ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က အလတ်ချောင်းကျေးရွာ စာသင်ကျောင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုမှ ပြောသည်။
“ကျွန်တော်တို့သိရသလောက်က တိုးဂိတ်မှာတစ်ယောက်သေတယ်။စစ်ကြောရေးမှာတစ်ယောက်သေတယ်။ အလတ်ချောင်းကလူငယ်၁၄ဦးသေတာက အတည်မပြုနိုင်သေးဘူး။ DBလဲမတွေ့ဘူး။ သူတို့က UGသမားတွေလဲမဟုတ်ဘူး။ ဟိုကောင်တွေ ရမ်းဖမ်းတာ။ ထွက်ပြေးတဲ့တစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်”ဟု အမည်မဖော်လိုသူ မြေအောက် တော်လှန်ရေး အဖွဲ့တစ်ခုမှ ပြောသည်။
အထက်ပါ ကြည့်မြင်တိုင် အလတ်ချောင်းကျေးရွာမှ ဖမ်းဆီးခံထားရသည့် လူငယ် ၁၄ဦးကို အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မများအပါအဝင် မူးယစ်ဆေးဝါးပုဒ်မ၊ လူသတ်ပုဒ်မများတပ်ကာ ကြည့်မြင်တိုင် အိုးဘိုစခန်းသို့လွှဲယူ ထိန်းချုပ်ဖမ်းဆီးခဲ့ပြီး သေဆုံးသူတစ်ဦးရှိကြောင်း စုံစမ်းသိရသည်။
လက်ရှိတွင် ရန်ကုန်အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့များအားလုံး လုံခြုံရေးစိတ်မချရသည့်အနေအထားရောက်နေပြီး ဖမ်းဆီးခံထားရသည့် တော်လှန်ရေးသမားအဖွဲ့ဝင်များကြောင့် သတင်းပေါက်ကြားမှုများရှိနေကာ ခိုလှုံရာနေအိမ်အရွှေ့အပြောင်းမှုများ ပြုနေရကြောင်း ပကတအဖွဲ့များထံမှ စုံစမ်းသိရသည်။
#mpa#darkshadow#yangon