fbpx

မန္တလေးသပိတ်အင်အားစုမှဖမ်းဆီးခံရသည့် လူငယ်ကိုးဦး အိုးဘိုထောင်ရောက်ရှိ

2 May 2022 By 002 / MPA
ဧပြီလ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မဖမ်းဆီးခံခဲ့ရသည့် မန္တလေးမှ သပိတ်လူငယ်ကိုးဦး အိုးဘိုထောင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မန္တလေးသပိတ်အင်အားစုမှသိရသည်။
မန္တလေးသပိတ်အင်အားစုမှ ကိုဟိန်းမင်းဇော်၊ကိုအောင်ဇော်မြင့်၊ကိုနိုင်လင်းထွန်း၊ ကိုကျော်စိုးမိုး၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကိုကို ၊မသဲစု ၊ မဂျာဆိုင်းအောင်နှင့် မကြယ်စင်လင်းတို့သည် ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ရက်အတန်ကြာ အဆက်အသွယ်မရဖြစ်နေခဲ့သည်။
လက်ရှိတွင်မူ အိုးဘိုထောင်သို့ရောက်ရှိနေပြီဖြစ်ပြီး ပုဒ်မ ၅၀၅ (က)ဖြင့်အမှုဖွင့်ခံထားရကြောင်း မန္တလေးသပိတ်အင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။
“သကြ်န်မတိုင်ခင်က အိုးဘိုထောင်ကိုရောက်ပါတယ်။ လက်ရှိအမှုရင်ဆိုင်နေရပါတယ် ။အနည်းငယ်နှိပ်စက်ခံရတယ်လို့သိရတယ်ဗျ ” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
အဆိုပါလူငယ်များ အိုးဘိုထောင်သို့ရောက်ရှိနေပြီဖြစ်သော်လည်း ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်မှာမူ လက်ရှိအချိန်အထိ ထောင်သို့မရောက်သေးကြောင်း ၎င်းက ဆိုသည်။
ကိုသူရအောင် ၊ သပိတ်တက်ကြွလှုပ်ရှားသူ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်း ၊ အလွတ်တန်းသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုစိုးလင်းအောင်နှင့် ကိုလှမျိုးအောင်တို့ကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စစ်ကောင်စီက မဟာအောင်မြေမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်တွင် အကြမ်းဖက်ရိုက်နှက် နှိပ်စက်ဖမ်းဆီးခဲ့သည် ။
ထို့နောက် သုံးလနီးပါးကြာသည်အထိ အဆက်အသွယ်မရဖြစ်နေခဲ့ရာ ကိုသူရအောင်၏အသက်ဘေးအခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အမြန်ဆုံး အဆက်အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများအပါအဝင် တတ်စွမ်းနိုင်သူများအနေဖြင့် အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးကြရန် မန္တလေး သပိတ်အင်အားစုကတောင်းဆိုထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: