fbpx

ပုလောတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး နေအိမ်များမီးရှို့ခံရ

3 By MPA 001
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး နေအိမ်များမီးရှို့ခံနေရကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ ပြောသည်။
အဆိုပါစစ်ကြောင်းထိုးမှုကို ပြီးခဲ့သည့် မေလ ၁ ရက်နေ့က KNU တပ်မဟာ ၄ နယ်မြေနှင့်ထိစပ်နေသည့် ကျောင်းနိမ့် ကျေးရွာသို့ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းချီဝင်ရောက်လာခဲ့ကြောင်း PRDF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
“မနေ့က ကျောင်းနိမ့်ရွာထဲကို စစ်ခွေးတွေလာတယ်။ ရွာသားတွေအကုန်ပြေးနေရတာပေါ့။ ကျောင်းနိမ့်ထဲက အိမ် ၄ လုံးမီးရှို့ခံလိုက်ရတယ်”ဟု PRDF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါကျောင်းနိမ့်ရွာအတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီများကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့နှင့် ပုလောပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများမှ ခုခံတိုက်ခိုက်ခဲ့ပြီး ထိတွေ့မှုသုံးကြိမ်ဖြစ်ပွားကာ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။
ညနေ ၃နာရီ ၃၀မိနစ်တွင် အကြမ်းဖက်စစ်တပ်ဘက်မှ တပ်ဆုတ်သွားကြောင်း ကျောင်းနိမ့်တိုက်ပွဲအတွင်း ပါဝင်သည့် ပုလော PDF ခေါင်းဆောင်တစ်ဦးက ရှင်းပြသည်။
“ထိတွေ့မှုက သုံးကြိမ်။ နေရာဒေသက ကျောင်းနိမ့်။ သူတို့စစ်ကြောင်းထိုးလာလို့ဖြစ်တာ။ အကိုတို့ဘက်က တစ်ဦးထိတယ်။ သူတို့ဘက်က ၂ ဦးကျတယ်”ဟု ကျောင်းနိမ့်တိုက်ပွဲအတွင်း ပါဝင်သည့် PDF ခေါင်းဆောင်တစ်ဦးက ရှင်းပြသည်။
ပုလော စစ်ဘေးရှောင်စခန်းကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ဖွင့်လှစ်ထားပြီး ကျန်းမာရေးဆေးပေးခန်းများ၊ နေရာထိုင်ခင်းများ ပြင်ဆင်ပေးထားသော်လည်း အိမ်ခြေ၄၀၀ကျော်ရှိသည့် ကျောင်းနိမ့်ရွာမှ ရွာသူရွာသားတွေ ပုန်းခိုလာသောကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များစွာလိုအပ်နေကြောင်း ပုလော စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေး ကော်မတီ( IDPCMC)၏ တာဝန်ခံကပြောသည်။
Photo – MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: