fbpx

“လေဟုန်ပြင်းပြင်း အနီရောင်ကိုရှင်း စွန်ရဲအဖွဲ့” စာတမ်းပါ လည်ဆွဲနှင့် အမည်မသိ အမျိုးသားအလောင်းတစ်လောင်း ထားဝယ်တွင်တွေ့၊ မန္တလေးတွင် သေဆုံးခဲ့သည့် ဖြစ်ရပ်နှင့်ဆင်တူ

May 3 By MPA 001
 
“လေဟုန်ပြင်းပြင်း အနီရောင်ကိုရှင်း စွန်ရဲအဖွဲ့”လည်ဆွဲပြားချိတ်လျက်သေဆုံးနေသည့် အမည်မသိ အမျိုးသား အလောင်းတစ်လောင်းကို ထားဝယ်မြို့တွင် တွေ့ရှိခဲ့ကြောင်း Dawei Information Center က ပြောသည်။
 
အဆိုပါအလောင်းကို ယမန်နေ့ ည ၈ နာရီ ၃၀မိနစ်က လောင်းလုံပျူစောထီးအဖွဲ့များကိုယ်တိုင် ကားဖြင့် လာရောက် စွန့်ပစ်သွားခဲ့ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ်၊ သာယာကုန်းရွာလမ်းမအပေါ်တွင် ထားရှိခဲ့သည်။
ထို့ပြင် ဒေသခံများသိရှိစေရန် သေနတ်နှစ်ချက်ပစ်ဖောက်သတိပေးခဲ့ကြောင်း Dawei Information Center ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
“အခုဟာက စွန်ရဲအဖွဲ့ဆိုပြီးပေါ်လာတာ။ ပျူစောထီးတွေ မစ်ရှင်နဲ့လှုပ်ရှားတာဖြစ်မယ်။ လာပစ်သွားတဲ့ အမျိုးသားကိုလည်း လက်နောက်ပြန်ကြိုးတုပ်ပြီး ရက်ရက်စက်စက်သတ်ထားတာ”ဟု Dawei Information Center ၏ တာဝန်ရှိသူက ဆက်ပြောသည်။
 
ယခုလောင်းလုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်သည် မန္တလေးတွင်ဖြစ်ခဲ့သည့် လက်နောက်ပြန်ကြိုးတုပ်ကာ ရက်ရက်စက်စက် သတ်ပြီး သွေးသောက်အဖွဲ့စာတမ်းချိတ်ဆွဲပေးသည့် လူသတ်မှုမျိုးနှင့် ဆင်တူနေသည်။
ယင်းဖြစ်ရပ်များကြောင့် ဒေသခံ NLD ပါတီနှင့် နှီးနွယ်ပတ်သက်နေသူများ အသက်အန္တရာယ်အတွက်ပြင်ဆင်နေရကြောင်း လောင်းလုံမြို့နေသူတစ်ဦးက ပြောသည်။
 
“အခု မန်းလေးရဲ့ဂယက်က ဒီအထိပျံ့လာပြီ။သူတို့ကို စစ်တပ်က မစ်ရှင်ချပေးထားသလိုပဲ။ မနေ့က လူတွေသိအောင် ဓာတ်တိုင်မှာလည်းစာတွေကပ်သွားတယ်။ အလောင်းမှာလည်းစာတမ်းတွေ ချိတ်သွားတယ်။ ဒီမစ်ရှင်မှာ ထောင်ထွက်တွေ ပျူစောထီးတွေနဲ့ စစ်တပ်က အကြီးပိုင်းတွေပါနေနိုင်တယ်”ဟု လောင်းလုံမြို့နေသူတစ်ဦးက သူ့ရဲ့ထင်မြင်ချက်ကို ပြောသည်။
 
ယနေ့ မေလ ၃ရက်နေ့ မနက် ၇နာရီ ၁၅ မိနစ်တွင် စွန်ရဲအဖွဲ့လည်ဆွဲပြားနှင့် သေဆုံးနေသည့် အလောင်းကို လောင်းလုံမြို့နယ် အခြေစိုက် အရေးပေါ်လူနာတင်ယာဉ်ကားဖြင့် သာယာကုန်းရွာလမ်းမပေါ်မှ လာရောက်သယ်ယူသွားခဲ့ပြီးဖြစ်သည်။
သေဆုံးသူသည် မည်သူမည်ဝါမှန်း သေချာမသိရှိဘဲ NLD ပါတီအသိုင်းအဝိုင်းမှ ဟုတ်မဟုတ်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။
 
ပုံစာ -ပျူစောထီးအဖွဲ့မှ လာရောက်စွန့်ပစ်သွားသည့် လက်နောက်ပြန်ကြိုးတုပ်ကာ “လေဟုန်ပြင်းပြင်း အနီရောင်ကိုရှင်း စွန်ရဲအဖွဲ့” လည်ဆွဲပြား ချိတ်လျက်သေဆုံးနေသည့် အမည်မသိ အမျိုးသား အလောင်း တစ်လောင်း

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: