fbpx

အကြမ်းဖက်စစ်တပ်၏ စနစ်မမှန်သော လျှပ်စစ်မီးပေးဝေမှုကြောင့် အိမ်သုံးလျှပ်စစ်စ္စည်းဆယ်ဆခန့်ပိုပျက်စီးလာ

03 May 2022 By MPA/007
အကြမ်းဖက်စစ်တပ်၏ လေးနာရီခြား မြို့နယ်အလိုက်မီးပေးနေမှုသည် စနစ်မမှန် ဝန်အားမတွက်ဘဲ လုပ်ဆောင်နေသည့်အတွက် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အပျက်အစီးများနေရသည်ဟု CDM EPC အရာရှိတစ်ဦးက MPA သတင်းဌာနသို့ ပြောသည်။
“EPC ရုံးမှာကျန်ခဲ့တာ တပ်ကလာတဲ့ မိုးကျနဲ့ဒလန်တွေ၊ ပါဝါ၊ ဝန်အား၊ ဘာမှနားမလည်ဘဲ နေပြည်တော်ကနေ စွတ်လုပ်နေတာ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေပျက်ပြီပေါ့။ မီးပျက်ရင်ခလုတ်သာပိတ်ထားလိုက်လို့ပဲ ပြည်သူတွေကိုပြောချင်တယ်”ဟု ၎င်းအရာရှိက ပြောကြားသည်။
အိမ်သုံးလျှပ်စစ်ပစ္စည်းပြင်ဆိုင်နှင့် အရောင်းဆိုင်များတွင် MPA သတင်းဌာန၏ စုံစမ်းလေ့လာမှုအရ ဆိုင် ၁၀၀ ဝန်းကျင်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းပျက်စီးမှုအခြေအနေ ယခင်ကထက် ဆယ်ဆခန့် တွေ့ရှိနေရသည်။
“နဂိုတည်းက တရုတ်ပစ္စည်း၊ မီးကလုပ်သချင်သလိုလုပ်တော့ပျက်ပြီပေါ့”ဟု အိမ်သုံးလျှပ်စစ်ပစ္စည်း ပြင်ဆိုင်သမားတစ်ဦးက ဆိုသည်။
မြောက်ဒဂုံနှင့် သာကေတ စသည့်မြို့နယ်များတွင်လည်း ယခင်ထက် မီးပိုပျက်လာသဖြင့် လူမှုရေး၊ စီးပွားရေး စသည်တို့တွင် ထိခိုက်နစ်နာမှုများရှိလာကြောင်း ပြည်သူများကပြောသည်။
“၄ နာရီပျက် ၄ နာရီလာဆိုတာကြီးက မမှန်တော့ဘူး။ အလုပ်နဲ့အိမ်နဲ့က မီးလာချိန်မတူတော့ အိမ်မှာမီးလာရင် အိမ်မှာလုပ်၊ နေ့ခင်းပိုင်းပျက်ရင် ရုံးကိုပြန်ပြေး။ နောက်နေ့မနက်ပိုင်းအိမ်မှာမီးပျက်ရင် ရုံးမှာအလုပ်လုပ်။ တော်တော်ဆိုးဆိုးပဲ”ဟု မြောက်ဒဂုံမှ ကုမ္ပဏီဝန်ထမ်းတစ်ဦးက MPA သတင်းဌာနကို ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပြည်သူများအား လျှပ်စစ်မီးမှန်မှန်မပေးနိုင်တော့ဘဲ မတ်လမှစ၍ ၄ နာရီလာ ၄ နာရီပျက်စနစ်ဖြင့် အလှည့်ကျမီးပေးသည့် စနစ်ကိုကျင့်သုံးခဲ့သည်။
သို့သော် လက်ရှိတွင် ယင်းသို့အလှည့်ကျစနစ်ကိုပင် အချိန်ပြည့်အောင်မပေးနိုင်တော့ကြောင်း ပြည်သူများကဆိုသည်။
“လာမယ့်အလှည့်လည်း အချိန်ပြည့်မလာဘူး။ ညနေ ငါးနာရီကနေ ညကိုးနာရီအထိ လာတဲ့အလှည့်ဆိုရင် အဲ့ဒီကြားထဲမှာကို အကြိမ်ကြိမ်ပျက်နေတာ”ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
နိုင်ငံတစ်နိုင်ငံတွင် အရေးအပါဆုံးဖြစ်သည့် လျှပ်စစ်မီးဖြန့်ဖြူးရေးကဏ္ဍတွင် ဖရိုဖရဲဖြစ်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ယင်းအပေါ် တစ်စုံတစ်ရာ ဖြေရှင်းမှုမရှိဘဲ အကြမ်းဖက်စစ်တပ်၏ အမိန့်အတိုင်း လုပ်ဆောင်လျှက်ရှိသည်။
Photo – MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: