May 3 By MPA 001
ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်တပ်ကို အမြစ်ဖြတ်ရန်အတွက် မြေအောက်တော်လှန်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ပါဝင်သည့် Yangon UG Association (YUA) ကို ယနေ့ မေလ ၃ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း YUA က ထုတ်ပြန်ကြေညာသည်။
အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်တော်လှန်သွားမည့် အဆိုပါအဖွဲ့တွင် Wolf Warriors STF (WWSTF)၊ God’s Hand Forces (GHF)၊ Thongwa Youth Force (TYF)၊ Kyayktan PDF (K-PDF)၊ Thanlyin Dragon Force (TL Dragon)၊ Scorpion Forces Underground (SFU)၊ Bahan’s Guerrilla Force (B-PDF)၊ Secret Underground Force (Kyauktan)၊ Human Rights Defenders (HRD)၊ Generation Z Defence Force&Supply Army (GZDF)၊ Burme Final Revolution Army Forces (BFRAF)၊ ဒို့ရိုးရာ ညီနောင်ပျောက်ကြားတပ်ဖွဲ့ (DYY)၊ Special Nway Oo (SNO) နှင့် Thaketa’s Urban Guerrilla Force (TUGF) စသည့် အမည်များဖြင့် မဟာမိတ်တပ်ပေါင်းစုအဖြစ် ၁၄ ဖွဲ့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
“ငါတို့ညီအကို (၁၄) ဖွဲ့ အားနဲ့လာမယ်။ မင်းတို့ခံနိုင်သလောက်ခံပေါ့။ မဆုတ်စတမ်းအနေနဲ့ ငါတို့ရွေ့မယ်။ ငါတို့လုပ်မယ်။ သွေးကြွေးကို မကျန်အောင်ဆပ်မယ်။ လုံးဝအုပ်ချုပ်ခွင့်မရစေရန်အတွက် ငါတို့တွေလာပြီ။ ရန်ကုန်မှာ ရန်တွေကုန်ဖို့ ငါတို့လာပြီ။ ဆက်ဆက်စောင့်နေပါ”ဟု Yangon UG Association အဖွဲ့က တရားဝင်ထုတ်ပြန် အသိပေးခဲ့သည်။
Yangon UG Association (YUA)အနေနှင့် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိနိုင်ရေးအတွက် အဓိကရည်ရွယ်ကာ စတင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း Yangon UG Association အဖွဲ့က တရားဝင်အသိပေးသည်။
Yangon UG Association (YUA) အဖွဲ့ဝင်ဖြစ်သည့် Special Nway Oo တော်လှန်ရေးအင်အားစုမှာ YUA ၏ တော်လှန်ရေးကိစ္စများကို ခေါင်းဆောင် ၁၄ ဦးမှ ထုတ်ပြန်သွားမည်ဖြစ်ပြီး ပြည်သူလူထုထံ ယခုလ ရက်ပိုင်းအတွင်း အသိပေးသွားမည် ဟုရှင်းပြသည်။
“ခေါင်းဆောင်အကိုတွေဖြေပေးမှာပါ။ တစ်ရက်နှစ်ရက်အတွင်း ဆက်သွယ်ဖို့အင်တာဗျူးတွေကို ဆက်သွယ်ရမယ့်သူကို ချပြပေးပါမယ်”ဟု Yangon UG Association (YUA)အဖွဲ့ဝင်ဖြစ်သည့် Special Nway Oo တော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုလို Yangon UG Association (YUA) ပေါ်ပေါက်လာမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ပြ ပျောက်ကြား အဖွဲ့တစ်ခုဖြစ်သည့် Zero To Hero အဖွဲ့မှ ယနေ့ဖွဲ့စည်းသည့် YUA ကို ကြိုဆိုကြောင်းနှင့် အဆုံးသတ်တိုက်ပွဲကို အမြစ်ဖြတ်ချေမှုန်းနိုင်ရန် အင်အားစုများ စည်းလုံးကြသည်ကို ဂုဏ်ယူကြောင်း မှတ်ချက်ပေးသည်။