May 4 By MPA 001
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က Green House Inn ဟိုတယ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က PDF ငါးဦးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ မေလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က PDF လူနာတစ်ဦး Green House Inn ဟိုတယ်တွင် ရောက်ရှိနေကြောင်း သတင်းပေး (ဒလန်) ကြောင့် အကြမ်းဖက် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များ သွားရောက်ကာ ရှာဖွေစစ်ဆေးမှုများပြုခဲ့ခြင်းဖြစ်ကြောင်း မန္တလေးပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တကယ်တော့ ဒလန်သတင်းပေးလို့ရောက်လာတာ။ အပြန်အလှန်ပစ်ခတ်တာတော့ဟုတ်ပေမယ့် သူတို့စဝင်ထဲက ပစ်သတ်လို့ မထူးတဲ့အဆုံးပြန်ချတဲ့သဘောရှိတယ်။ ဘယ်နှစ်ဦးသေလဲသေချာမသိပေမယ့် အလောင်းတွေကို ကားနဲ့သယ်သွားတယ်”ဟု မန္တလေး ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
အပြန်အလှန်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Green House Inn ဟိုတယ်သို့ မေလ ၃ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်များရောက်လာပြီး ဟိုတယ် အခန်းတံခါးအား ခေါက်ကာ သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။
ယင်းနောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားကာ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အခန်းအားထိန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ကိုင်ဆောင်ထားသည့် လူငယ်နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းနှင့် အခန်းအတွင်းမှ ပစ္စတိုသေနတ်တစ်လက်၊ ကျည် ၁၀ တောင့်နှင့် လက်ပစ်ဗုံးအသေးတစ်လုံးတို့တွေ့ရှိခဲ့ကြောင်း မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူရဲတစ်ဦးက ပြောသည်။
“စသွားကတည်းက ပစ်မိန့်ရထားပြီးသား။ သေနတ်ကိုင်ထားတာတွေ့ကတည်းကိုက စပစ်တာ။ ဒီတိုင်းအဖမ်းခံဆိုလဲ ရတဲ့အခြေအနေမှာ ပစ်သတ်လိုက်တာ။ လူလတ်ပိုင်းတစ်ဦးနဲ့ လူငယ်လေးဦးသေတယ်။ တစ်ယောက်အရှင်ဖမ်းမိတယ်”ဟု အမည်မဖော်လိုသူရဲတစ်ဦးက ထပ်မံရှင်းပြသည်။
ယင်းနောက် အခန်းတွင်ပစ်ခတ်ခံရကာ သေဆုံးသွားသည့် PDF ၅ ဦး၏ အလောင်းများကို မန္တလေးဆေးရုံကြီးသို့ ချမ်းမြသာစည်အခြေစိုက်လူမှုကူညီရေးကားဖြင့် သယ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ကျည်ဒဏ်ရာရရှိထားသည့် လူငယ်တစ်ဦးကို လက်ထိပ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လွှဲယူစစ်ဆေးနေကြောင်း စုံစမ်းသိရသည်။
Photo – Green House Inn Page