fbpx

ယခုရက်ပိုင်းအတွင်း စမ်းချောင်းမှာ ဧည့်စာရင်းအစစ်ကြမ်းနေ၊ သံသယရှိသူကို ပစ်ခတ်ခွင့် အကြမ်းဖက် စစ်ကောင်စီပေးထား

4 May By MPA 001
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ဧည့်စာရင်းအစစ်ကြမ်းနေပြီး သံသယရှိပါက ပစ်ခတ်ခွင့်ပြုထားကြောင်း စမ်းချောင်းမြို့နယ်နေသူတစ်ဦးက ပြောသည်။
ယမန်နေ့ မေလ ၃ ရက်နေ့ ည ၁၁ နာရီက အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပြီး Faw ကားအကြီး နှစ်စီး၊ မီးတန်းကားတစ်စီး၊ ဒဘယ်ကပ်တစ်စီးတို့ဖြင့် ဗဟိုလမ်းတွင် အခြေပြုကာ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရပ်ကွက်အတွင်း လိုက်လံစစ်ဆေးနေကြောင်း စမ်းချောင်းမြို့နယ်၊ ဝါးခယ်မလမ်းနေသူတစ်ဦးက ပြောသည်။
“အခုဧည့်စာရင်းက ရွှေလောင်းလမ်းထဲဝင်နေတာ။ မီးတော့မဖျက်ထားဘူး။ မနေ့ကလဲ စစ်သေးတယ်။ ကောင်လေးနှစ်ယောက် အဖမ်းခံရတယ်”ဟု စမ်းချောင်းမြို့နယ်၊ ဝါးခယ်မလမ်းနေသူတစ်ဦးက ပြောသည်။
အဆိုပါ ဧည့်စာရင်းစစ်ဆေးမှုကို အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနှင့်တကွ လိုက်လံစစ်ဆေးခဲ့ပြီး လျှပ်စစ်မီး ဖြတ်တောက်မှုမျိုး မရှိခဲ့ကြောင်း သိရှိရသည်။
စမ်းချောင်းမြို့နယ်အတွင်း ကင်းလှည့် သွားလာနေသည့် အကြမ်းဖက် စစ်ကောင်စီနှင့် နောက်လိုက်များသည် FAWကား အမျိုးအစားဖြင့် ယမန်နေ့ည ၁၀ နာရီ ၃၈ မိနစ်က ကင်းပတ်သွားလာနေကြောင်းလည်း စမ်းချောင်းမြို့နယ်၊ ပန်းတနော်လမ်း နေသူတစ်ဦးက ပြောသည်။
ထို့ပြင် ယမန်နေ့ မေလ ၃ ရက်နေ့ နံနက် လေးနာရီကျော်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဝါးခယ်မလမ်းအတွင်း လမ်းလျှောက်နေသူတစ်ဦးကို သေနတ်နှင့် ပစ်ခတ်ခဲ့ရာ ကျည်လွဲချော်ခဲ့ပြီး ဝါးခယ်မလမ်းပေါ်တွင်ရှိသည့် ကားတစ်စီးကို ထိမှန်ခဲ့ကြောင်းနှင့် ပစ်ခတ်ခံရသူမှာ လက်တွင်ဆွဲလာသည့် အထုပ်မည်း လက်မှလွတ်ကျပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မျက်မြင်တွေ့မြင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“မနက်လေးနာရီလောက်က ဝါးခယ်မလမ်းအပေါ်ဘက်က အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ပစ်တာ။ မထိသွားဘူး။ အထုပ်မည်းတစ်ထုပ်လွတ်ကျပြီး ထွက်ပြေးသွားတယ်။ မနက်ကကိုယ်တိုင်တွေ့တာ။ လမ်းထဲက ကားထဲကို ကျည်ဝင်သွားတယ်။ လျော်လဲမပေးဘူး”ဟု ပစ်ခတ်မှုကို မျက်မြင်တွေ့ခဲ့သူက ရှင်းပြသည်။
ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်၊ ကြံ့ခင်း လမ်းအောက်ပိုင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ လာရောက်ကာ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ပြီး လူငယ်အမျိုးသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။
ပုံစာ – အာဏာသိမ်းစဉ်က ဗဟိုလမ်းပေါ်ရှိ ဝါးခယ်မလမ်းဆိုင်းဘုတ်အားဖျက်ထားသည့်ပုံ
Photo – MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: