fbpx

မင်းတပ်-မတူပီလမ်းပေါ်တွင် ယနေ့နံနက် ထိတွေ့မှုမရှိသေးသော်လည်း ရာသီဥတုဆိုးရွားစွာ ဖြစ်ပေါ်နေ၊ သို့သော် CDF မင်းတပ်ဖွဲ့က စစ်ရေးအတွက် အသင့်အနေအထားရှိ

5 May 2022 By MPA
ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်းမပေါ်တွင် ယနေ့နံနက် တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေသော်လည်း ဒေသခံ ကာကွယ်ရေးတပ်များ ရာသီဥတုဆိုးရွားစွာ ခံစားနေရသည်ဟု CDF မင်းတပ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ မေလ ၅ ရက်တွင် MPA သတင်းဌာနသို့ ပြောသည်။
ယမန်နေ့ မေလ ၄ ရက်နေ့က ချင်းပြည်နယ် CDF မင်းတပ်နှင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ၂ နာရီနီးပါးကြာမြင့်သည့် ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့သလို CDF မင်းတပ်ဘက်မှာ ရဲဘော်တစ်ဦး မိုင်းမတော်တဆဖြင့် ကျဆုံးခဲ့သည်။
တိုက်ပွဲအရေအတွက် ၃ ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှာ ၂၀ ကျော်သေဆုံးခဲ့သည်ဟု ခန့်မှန်းရကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။ ယနေ့မေလ ၅ရက်နေ့တွင် တိုက်ပွဲများပိုမိုပြင်းထန်လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းခဲ့သော်လည်း လက်ရှိတွင် ပြန်လည်ငြိမ်သက်နေပြီဖြစ်ကြောင်း CDF မင်းတပ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက MPA ကို ပြောသည်။
တိုက်ပွဲများငြိမ်သက်နေသော်လည်း လက်ရှိတွင် ဒေသ၏ ရာသီအခြေအနေမှာ ဆိုးရွားလွန်းနေပြီး ရဲဘော်များ ခက်ခက်ခဲခဲ နေထိုင်နေရသည်ဟု သူက ဆက်လက်ပြောကြားသည်။ “အခုချိန်ထိတော့ တစ်ယောက်နဲ့တစ်ယောက် သုံးပေအကွာကနေတောင် မမြင်ရဘူး။ မှိုင်းတွေတိုက်ပြီး တော်တော်ဆိုးရွားနေတယ်။ သူတို့(အကြမ်းဖက်စစ်ကောင်စီ) လည်း ရှေ့ကို တက်မလာသေးဘူး။ တက်လာရင်တော့ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့မယ့်အနေအထားမျိုးရှိတာပေါ့”လို့ CDF မင်းတပ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက MPA သတင်းဌာနကို ပြောသည်။
ထို့ပြင် မင်းတပ်အတွင်းဘက်ကိုသွားသည့် မိုင်တိုင် ၁၆ မိုင်နှင့် မိုင်တိုင် ၇၀ ကြားတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် CDF မင်းတပ်တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်သည်မှာ ယခုတစ်ကြိမ်မှ မဟုတ်ဘဲ အမြဲတမ်း တိုက်ပွဲပြင်းထန်လေ့ရှိကြောင်း သိရှိရသည်။
ယခုတစ်ကြိမ်သည် သုံးကြိမ်မြောက်သည့်အတွက် ယခင်တိုက်ပွဲများထက် ပိုပြီး စနစ်ကျပြီး ယခင်ကထက် ထိထိရောက်ရောက်တုံ့ပြန်နိုင်ခဲ့သည်ဟု မေးမြန်းသိရှိရသည်။
လက်ရှိ ဒေသ၏ ရာသီဥတုနှင့် ပတ်သက်၍ “ချင်းတောင်ရဲ့ သဘာဝအရ မေလလောက်ဆိုရင် မိုးကကောင်းကောင်းရွာပြီ။ မှိုင်းတိုက်တာ။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်မမြင်နိုင်လောက်အောင်ကို မှိုင်းတိုက်တယ်။ မိုးတအားသည်းထန်စွာရွာတယ်။ ကျွန်တော်တို့ ထိတွေ့မှုဖြစ်တဲ့ မိုင် ၅၆ မိုင်၊ မိုင် ၅၀ တို့ မိုင် ၄၀ တို့ဆိုတာ ကျွန်တော်တို့ချင်းပြည်ရဲ့အအေးချမ်းဆုံးနေရာတွေ။ ဆယ့်နှစ်ရာသီ ရာသီဥတုဆိုးရွားတဲ့နေရာတွေပေါ့။ အခုတော့ တော်တော်ဆိုးဆိုးရွားရွားကိုဖြစ်နေတယ်”ဟု ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စစ်တပ်ဖွဲ့ဝင် ၂၀၀ မှ ၃၀၀ ကြား ခန့်မှန်းခြေရှိပြီး စစ်ကား ၂၃ စီး၊ တင့်ကား ၂ စီးပါဝင်ကြောင်း စုံစမ်းသိရှိရသည်။
“တိုက်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့ CDF မင်းတပ်ကတော့ အာဏာရှင်ကို မကြိုက်လို့လက်နက်ကိုင်တော်လှန်တဲ့အထဲမှာ အဦးဆုံးလိုဖြစ်တယ်ပေါ့နော်။ လက်ရှိမှာ မလုပ်နိုင်သေးတဲ့ PDF တွေလည်း ရှိတယ်။ လုပ်နေသူတွေလည်းရှိတယ်။ ဒီတော့ ကျွန်တော်တို့ ဒီအရေးတော်ပုံ မြန်မြန်အောင်ချင်ရင် ပြိုင်တူတွန်းမှ ရွေ့မှာပေါ့နော်။ ပြည်သူလူထုရဲ့ ထောက်ခံမှုက အမြဲတမ်း အရေးပါတယ်။ ကျွန်တော်တို့ ရပ်တည်တယ်ဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမှုကြောင့် ပြည်သူလူထုရဲ့ စောင့်ရှောက်မှုကြောင့် ထပ်ပြီးမှလည်း အားပေးပါ။ စောင့်ရှောက်ပါ။ မေတ္တာပို့ပါ။ ဆုတောင်းပေးပါ။ ကျန်တဲ့ရဲဘော်တွေလည်လည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေမှာ ကျွန်တော်တို့အတူတူ ပူးပေါင်းတိုက်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ပြည်သူရော ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအားလုံး ပေါင်းပြီးမှတိုက်မှာ ဒီတိုက်ပွဲက နိုင်မှာပါ”ဟု MPA သတင်းဌာသို့ ပြောကြားခဲ့သည်။
စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးပမ်းလာခဲ့ရာမှာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည့်အတွက် တဲများနှင့် အဆောင် နေထိုင်စရာများသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆိုးဆိုးရွားဖြစ်ပေါ်နေပြီး ခက်ခဲမှု ရှိနေကြောင်း သိရှိရသည်။
Photo – CDF မင်းတပ်

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: