fbpx

ယမန်နေ့က လှည်းတန်းတွင် ဖုန်းလုပြေးသည့် သူခိုးအားဝိုင်းဖမ်းပေးသည့် အနှေးယာဉ်လုပ်သား ဓားထိုးခံရပြီးသေဆုံး

5 May By MPA 001
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းအတွင်း သွားလာနေသည့် ပြည်သူတစ်ဦးထံမှ ဖုန်းလုပြေးသည့် သူခိုးအားဝိုင်းဖမ်းပေးသည့် ပြည်သူများကို နောက်တနေ့တွင် ဖုန်းလုသူ၏ အပေါင်းအပါများက လာရောက်ကလဲ့စားချေသဖြင့် ပြည်သူတစ်ဦးဒဏ်ရာရနှင့် တစ်ဦးမှာ ဓားထိုးခံရပြီးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။
ယင်းလူသတ်မှုသည် ယနေ့ မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇေယျာသီရိလမ်းထိပ်တွင် အသတ်ခံရခြင်း ဖြစ်သည်။
သေဆုံးသူသည် အနှေးယာဉ်ပြေးဆွဲနေသည့် ဆိုက်ကားဆရာဖြစ်ကြောင်းနှင့် ဓားဖြင့်ထိုးခံရပြီး ဒဏ်ရာ ရရှိသွားသူမှာ လှည်းတန်း အနီးတဝိုက်တွင် ဖုန်းဆင်းကဒ်ရောင်းသူဖြစ်ကြောင်း ဇေယျာသီရိလမ်းတွင်နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။
“ဒီနေ့မနက် ၁၀ နာရီလောက်ကဖြစ်တာ။ မနေ့က ခါးပိုက်နှိုက်နှစ်ဦးကို ဖမ်းပေးလို့ ဒီနေ့ပြန်လာလုပ်ကြတာ။ လာလုပ်တဲ့ လူအုပ်က ၆ ယောက်ကျော်တယ်”ဟု ဇေယျာသီရိလမ်းတွင်နေထိုင်သည့် မျက်မြင် ပြည်သူတစ်ဦးကပြောသည်။
ယမန်နေ့ ညနေ လေးနာရီခန့်က ဖြစ်ပွားခဲ့သည့် ဖုန်းလုယက်မှုကို ဖမ်းဆီးပေးသည့်ဖြစ်ရပ်သည် လူမှုကွန်ရက် ဖေ့ဘုတ် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူသိန်းချီရှိခဲ့ကြောင်း ဖေ့ဘုတ်သုံးသူတစ်ဦးက ပြောသည်။
“ဒီနေ့လူသတ်မှုက ခေတ်ကို ချိန်ထိုးတာပဲ။ လှည်းတန်းဆိုတာ လူမပြတ်တဲ့နေရာ အဲ့လိုနေရာမျိုးမှာ လာလုပ်ရဲတာကို မကူတဲ့ ကောင်တွေကို အံ့ဩတယ်။ ဓားနဲ့ထိုးတဲ့အပြင် ပါးတောင်ရိုက်သွားသေးတယ်ကြားတယ်။ လူတွေလည်း မလုံခြုံတော့ဘူး”ဟု ဖေ့စ်ဘုတ်သုံးသူတစ်ဦးက ရှင်းပြသည်။
ယနေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း လှည်းတန်းလူသတ်မှုနှင့် ပတ်သက်ပြီး “ခါးပိုက်နိုက် ၂ယောက်ကို ဝိုင်းသမတဲ့သူတွေကို အဖွဲ့လိုက်ပြန်လာရှာတာပါတဲ့။ ဆိုက်ကားဆရာကို သတ်အပြီး လမ်းဘေးဆိုင်က အကိုကြီးကိုပါ သူလည်းပါတာတယ်ဆိုပြီး လုပ်ပါသေးတယ်။ ဆိုင်ကအကို ထွက်ပြေးလို့ လွတ်သွားပါတယ်တဲ့။ sim card ရောင်းတဲ့ အကိုကတော့ ပေါင် ဓားထိုးခံရတဲ့အပြင် ဖိနပ်တွေနဲ့ ပါးချခံရပါတယ်”ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ရေးသားဖော်ပြမှုရှိခဲ့သည်။
လက်ရှိတွင် ဓားဖြင့်ထိုးခံရသူအလောင်းကို ကမာရွတ်ရဲစခန်းမှ လာရောက်ယူဆောင်သွားပြီး ဓားဖြင့်ထိုးခံရသူကို စခန်းသို့ခေါ်ဆောင်ကာမေးမြန်းနေကြောင်း သိရှိရသည်။
ယင်း လူသတ်မှုဖြစ်ပွားစဉ် လှည်းတန်းမီးပွိုင့်တွင် တပ်စွဲထားသည့် စစ်သားများက လာရောက်ကူညီမှုမရှိကြောင်း စုံစမ်းသိရသည်။
ပုံစာ-ယနေ့ဓားဖြင့်ထိုးခံရသူ အမျိုးသားတစ်ဦးအား ရဲလာမခေါ်ခင် တွေ့ရစဉ်

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: