5 May 2022 By MPA
အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်း၊ အရာတော်တောင်နယ်၊ မလဲသာကျေးရွာရှိ အိမ်ခြေငါးရာကျော် မီးလောင်ပျက်စီးသွားခဲ့ပြီး ဒေသခံများ နေစရာအိမ်မရှိဖြစ်နေကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေး ယမန်နေ့ မေလ ၄ ရက်နေ့က ထုတ်ပြန်အသိပေးခဲ့သည်။
အရာတော်တောင်နယ်၊ မလဲသာကျးရွာကို အကြမ်းဖက် စစ်ကောင်စီဘက်က ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကတည်းက စစ်ကြောင်းထိုးခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသောကြောင့် အိမ်များမီးလောင် ပျက်စီးခဲ့ရသလို ရွာရှိပြည်သူများ ရွာလုံးကျွတ် နီးပါး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရသည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် မလဲသာကျေးရွာကို ယခုတအကြိမ်နှင့်ဆိုလျှင် လေးကြိမ်မြောက် စီးနင်း စစ်ကြောင်း ထိုးခဲ့ခြင်းဖြစ်ပြီး ယင်းကျေးရွာမှာ ထိခိုက်ပျက်စီးမှု အလွန်ဆိုးရွာစွာ ကြုံတွေ့ခဲ့ရသည်။
အကြမ်းဖက် စစ်ကောင်စီကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် အပျက်အစီးများကြားတွင် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုဖို့ ခဲရင်းလောက်အောင် မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းတစ်ခုလည်း တွေ့ရှိခဲ့ရသည်ဟု အရာတော်မြို့နယ် သတင်း ပြန်ကြားရေးက ထုတ်ပြန်အသိပေးထားသည်။
လက်ရှိတွင် ယင်းဒေသရှိ စစ်ဘေးရှောင် ပြည်သူထောင်နှင့်ချီသည် ပြန်စရာအိမ်ရှိတော့ဘဲ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရပြီး ဒေသတွင်းမှာလည်း အင်တာနက် ဖြတ်တောက်မှုများရှိကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်အသိပေးထားသည်။
Photo – အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး