fbpx

ကုန်ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ကရင်ပြည်နယ်တွင် နေ့စားသမားများ စားဝတ်နေရေး အခက်ကြုံ

By MPA
ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံနေ့စားအလုပ်သမားများသည် စားသောက် ကုန်ဈေးနှုန်း မြင့်တက်လာသည့် အတွက် စားဝတ်နေရေး များစွာအခက်ခဲကြုံတွေ့နေရကြောင်းဒေသခံများထံမှသိရသည်။
အခြေခံစားသောက်ကုန်များ ဈေးနှုန်းတက်လာသည့်အပြင် လုပ်အားခ တနေ့လျှင် ၃ ထောင်ခန့်သာ ရရှိသည့် အခြေအနေကြောင့် ကျုံဒိုးမြို့ပေါ်ရှိ ကုန်ထမ်းသမားများနှင့် အခြားနေ့စားအလုပ်သမားများသည် မိသားစုစားဝတ်နေရေးအတွက် များစွာ အခက်တွေ့နေရကြောင်း သိရသည်။
“ကျွန်တော်တို့ကုန်းထမ်းရတာတစ်နေ့မှ သုံးထောင်ဘဲရတယ်။ တစ်ခါတလေ နှစ်ထောင့်ငါးရာဘဲရတယ်။ ကျွန်တော်တို့မှာ မိသားစုတွေ ကလည်းများ၊ ကုန်ဈေးတွေကလည်းတက်လာတော့ တစ်ခါတလေ ထမင်းတောင်နှပ်မမှန်ဘူး’’ဟု ၎င်းက ပြောသည်။
ထိုနည်းအတူ ပန်းရံနေ့စား အမျိုးသမီးတစ်ဦးကလည်း ယခုလိုပြောသည်။
“ကုန်ဈေးနှုန်းတွေတက်လာတာကြောက်ဖို့တောင်ကောင်းတယ်။ အရင်ကကြက်သွန်နီတပိသာမှ ၉၀၀ အခုဆို ၁၂၀၀။ စားဆီတွေလည်း အရင်က ၁လီတာဗူးသေးမှ ၂၀၀၀ အခု ၃၀၀၀ဖြစ်သွားပြီ။ ကျွန်မတို့လိုနေ့စားသမားတွေက မိသားစုအတွက် အပိုငွေတွေကို စုဖို့မပြောနဲ့ တစ်နေ့လုပ် တစ်နေ့စားတာတောင် မလောက်ချင်ဘူး’’ဟု ၎င်းကပြောသည်။
ကုန်စည်ဈေးနှုန်းတက်လာမှုကြောင့် ကုန်စုံဆိုင်ပိုင်ရှင်အချို့မှာလည်း ဝယ်ယူသူများနည်းပါးလာပြီး ဆိုင်များကိုပိတ်သိမ်းရန် အခြေနေ ထိရောက်ရှိ နေပြီးဖြစ်ကြောင်းသိရသည်။
“အခုဆိုရင်ဖောက်သည်တွေလည်း အရင်လိုမများတော့ဘူး။ တစ်ခါတလေ တစ်နေ့လုံးရောင်းမှ ၂ သိန်းတောင်မရဘူး။ ကျွန်မတို့ဆိုင်မှာက ကုန်စိမ်း ကုန်ခြောက်တွေလည်း အကုန်ရောင်းတော့ တစ်ခါတလေ ဂေါ်ဖီထုပ်တွေ ကန်စွန်းရွက်တွေ အာလူးတွေဆိုရင် ရောင်းတောင်မရောင်းရဘူး။ ပုပ်လို့လွင့်ပစ်လိုက်ရတယ်’’ ဟု ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ မတရားအာဏာသိမ်းပြီးသည့်နောက် မြို့နယ် ကျေးရွာများရှိ စားသောက်ကုန်ဈေးနှုန်းများမှာ အဆမတန်မြင့်တက်လာပြီး နေ့စားပြည်သူများမှာ မိသားစုစားဝတ်နေရေးအတွက် များစွာအခက်ခဲကြုံတွေ့နေရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: