fbpx

ဘုတလင်ကျေးရွာရှိနေအိမ် ၇၀ ကျော်ကို အကြမ်းဖက်စစ်ကာင်စီများက မီးရှို့ဖျက်ဆီး

By MPA
စစ်ကိုင်းတိုင်း၊ ဘုတလင်ကျေးရွာရှိနေအိမ် ၇၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အား ၅၀ ခန့်ဖြင့် ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် စတင်မီးရှို့ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ဘုတလင်မြို့နယ်ရှိ ကံသစ်ရွာကို ယနေ့ မေလ ၆ ရက်နေ့ နံနက်စောစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီများက ကျေးရွာ အတွင်း ဝင်ရောက်လာပြီး ပြည်သူများ၏နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာရှိပြည်သူများကို လက်နက်များဖြင့် ပစ်ခတ် ခြောက်လှန့်ခဲ့ကြောင်း သိရသည်။
“သူတို့ရွာကိုဝင်တာ အခုကပထမဆုံးအကြိမ်ပါပဲ။ ရွာကိုစဝင်တဲ့နေ့မှာပဲ မီးရှို့ပါတယ်။ ရွာထဲမှာ PDF တွေကို ထောက်ပံ့ပေး နဲ့သူရှိတယ်ဆိုပြီး မီးရှို့တာ။ အမှန်တော့ရွာမှာ ဘာမှအဲလိုမျိုးတွေမရှိဘူး။ ကျွန်တော်တို့ကိုယ်တိုင်တောင် စားဖို့ မနည်းကြီး ရုန်းကန်နေရတယ်’’ဟု ကံသစ်ရွာသားတစ်ဦးက ပြောသည်။
ထိုသို့ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ပြီးနောက် ထပ်မံ၍ ဆုံကုန်းရွာသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
“ကံသစ်ရွာကို မီးရှို့တယ်လို့ကြားကတည်းက ကျွန်တော်တို့ ဆုံကုန်းရွာသားတစ်ချို့က အထုပ်တွေပြင်ပြီး ပြေးနေကြပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကံသစ်ရွာနဲ့ကျွန်တော်တို့ရွာက ဆိုင်ကယ်နဲ့လာရင် ၅ မိနစ် လောက်ဆိုရောက်ပြီးလေ’’ဟုဒေသခံတစ်ဦးက ပြောသည်။
ယခုချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆုံကုန်းဘုန်းကြီးကျောင်းတွင် လူအင်အား၅၀ ဖြင့် တပ်စွဲထားပြီး ကျေးရွာအတွင်းရှိပြည်သူများမှာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း ဒေသခံများထံမှသိရသည်။
အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့မှုများပြုလုပ်ခြင်း ၊ လေယာဉ်ဖြင့် လာရောက်ဗုံးကျဲပစ်ခတ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများလည်း မကြာခဏပြုလုပ်ခဲ့သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: