


By MPA
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ဖြိုခွင်းရာတွင် မစ်ရှင်များနှင့် ပတ်သက်သည့် သတင်းများကို လိုင်းပေါ်မတင်ရန် နှင့် အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်သည့် အဆောက်အဦးများ၊ နေရာများကို ပြည်သူများ ရှောင်ရှားရန် ရန်ကုန် မြေအောက် တော်လှန်ရေးအဖွဲ့ YUA အဖွဲ့ဝင် ကျောက်တန်း K-PDF တာဝန်ခံက ဒီကနေ့ မေလ ၆ ရက်နေ့တွင် အသိပေးသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီကို အွန်လိုင်းပေါ်တွင် ဆန့်ကျင်ဝေဖန်ရေးသားသည့် ပြည်သူများ အဖမ်းခံရသည့် ဖြစ်ရပ် အပေါ်တွင်လည်း ဟန်ငြိမ်းဦးအကောင့်တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များကို သတိထားစောင့်ကြည့်ပြီး ရှောင်တိမ်းသင့်လျှင် ရှောင်တိမ်းသင့်ကြောင်းနှင့် သတင်းအချက်အလက်များနှင့် ပတ်သက်၍ အချင်းချင်း ကူညီအသိပေးရန်လည်း သတိပေးခဲ့သည်။
“ပြည်သူတွေကို သတိပေးချင်တာက ဟန်ငြိမ်းဦးကတင်တဲ့ ဒေတာ အချက်အလက်တွေကို ပြည်သူတွေက သတိထားပြီး စောင့်ကြည့်ပါ။ ရှောင်တိမ်းသင့်ရင်ရှောင်းတိမ်းပါ။ အချင်းချင်းကူညီဖေးမကြပါ။ မစ်ရှင်အနေနဲ့ ပတ်သက်ရင်တော့ တတ်နိုင်သလောက် အသံကြားရင် လုံးဝမတင်ပါနဲ့။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ စတိတ်မင့်တွေ ထုတ်ပေးပါလိမ့်မယ်။ ဘယ်အဖွဲ့က ဘယ်အချိန်မှာ ဘာလုပ်တယ်ဆိုတဲ့အကြောင်းကို ထုတ်ပေးပါမယ်။ စကစနဲ့ ပတ်သက်တဲ့ အဆောက်အဦး၊ နေရာတွေမသွားဖို့နဲ့ မစ်ရှင်လုပ်ခဲ့တဲ့ ရဲဘော်တွေ လုံခြုံရေးအတွက် အသံကြားခဲ့ပြီဆိုရင်တောင်မှ လိုင်းပေါ်လုံးဝမတင်ဖို့ကို ကျွန်တော်တို့အဓိက ပြောချင်ပါတယ်”ဟု ကျောက်တန်း K-PDF တာဝန်ခံက MPA သတင်းဌာနကို ပြောသည်။
ရန်ကုန် မြေအောက်တော်လှန်အဖွဲ့ YUA ကို ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးအတွက် အဖွဲ့ ၁၄ ဖွဲ့က ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်သည်။
ယင်းနေ့က ထုတ်ပြန်ချက်တွင် “ငါတို့ ညီအစ်ကို (၁၄) ဖွဲ့အားနဲ့လာမယ်။ မင်းတို့ခံနိုင်သလောက်ခံပေါ့။ မဆုတ်စတမ်းအနေနဲ့ ငါတို့ရွေ့မယ်။ ငါတို့လုပ်မယ်။ သွေးကြွေးကို မကျန်အောင်ဆပ်မယ်။ လုံးဝအုပ်ချုပ်ခွင့်မရစေရန်အတွက် ငါတို့တွေလာပြီ။ ရန်ကုန်မှာ ရန်တွေကုန်ဖို့ ငါတို့လာပြီ။ ဆက်ဆက်စောင့်နေပါ”ဆိုသည့် ကြွေးကြော်မှုနှင့်အတူ စတင်ထားသည့် ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့ဖြစ်သည်။