fbpx

ယူကရိန်း ဒုက္ခသည်များအတွက် ယူရိုသန်း ၂၀၀ ကူညီမည့်အစီအစဉ်ကို ဥရောပကော်မရှင်ကြေညာ

 By MPA
ရုရှား-ယူကရိန်းစစ်ရေးအခြေအနေကြောင့် အခက်အခဲဖြစ်နေသည့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် ကူညီရန် ယူရိုသန်း ၂၀၀ ကူညီမည့် အစီအစဉ်သစ်ကို မေလ ၅ ရက်နေ့တွင် ဥရောပကော်မရှင်က ကြေညာချက်ထုတ်ပြန်အသိပေးခဲ့သည်။
ယင်း ကြေညာချက်ကို ပိုလန်နှင့် ဆွီဒင်တို့ ပူးပေါင်းကျင်းပသည့် နိုင်ငံတကာ အလှူရှင်များ ညီလာခံတွင် ထုတ်ဖော် အသိပေးခြင်း ဖြစ်ပြီး ယူကရိန်းရွှေ့ပြောင်းဒုက္ခသည်များအတွက် အသုံးပြုရန် စီစဉ်ခြင်းဖြစ်သည်။
ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က “ကျွန်မတို့ဟာ ပြတ်သားတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ လာရောက်ခဲ့ကြတယ်။ ရန်သူတွေကို တိုက်ထုတ်ပြီး သူတို့ရဲ့ လွတ်လပ်ခွင့်အတွက် ရပ်တည်နေကြတဲ့ ရဲရင့်တဲ့ ပြည်သူတွေကို ပံ့ပိုးပေးဖို့ပါပဲ။ ရုရှားရဲ့ ရက်စက်မှုတွေဟာ ရက်သတ္တပတ် ၁၀ ပတ် ရှိနေပြီဖြစ်ပါတယ်။ ဥရောပသမဂ္ဂဟာ ယူကရိန်းဘက်ကနေ အခိုင်မအမာ ရပ်တည်ပါတယ်။ ယူရိုသန်း ၂၀၀ ကူညီဖို့ ကတိပြုပါတယ်။ နောက်ထပ် လိုအပ်ဦးမယ်ဆိုတာလည်း သိရှိထားပါတယ်။ ဆက်လက်ပြီး ယူကရိန်းနိုင်ငံအတွက် ရပ်တည်သွားမှာပါ”ဟု ပြောကြားခဲ့သည်။
ရုရှားနိုင်ငံဘက်က စစ်ပွဲစတင်ချိန်မှစ၍ လက်ရှိတွင် ယူကရိန်း ပြည်သူ ၈ သန်းနီးပါးသည် နေရပ်မှ စွန့်ခွာခဲ့ရပြီး ထိုထဲတွင် သုံးပုံနှစ်ပုံသည် ကလေးငယ်များဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြပြီး အီးယူနှင့် အိမ်နီးချင်းနိုင်ငံများသို့ ခိုလှုံရန် ယူကရိန်းပြည်သူ ၅.၃ သန်းကျော် ထွက်ခွာခဲ့ရသည်။
ဥရောပသမဂ္ဂသည် ရုရှား၏ ကျူးကျော်မှုအတွက် ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကာ ယူကရိန်းနိုင်ငံဘက်မှ ရပ်တည်ခဲ့သည်။
ဥရောပကော်မရှင်သည်လည်း စစ်ပွဲအပြီးတွင် နိုင်ငံပြန်လည်တည်ထောင်ရေး လုပ်ငန်းများတွင် ကူညီဖို့ ရည်ရွယ်ထားပြီး ယူကရိန်းနိုင်ငံအပေါ် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆွဲဆောင်မှုရှိအောင် ကူညီသွားရန်ရှိနေသည်။
Photo – EU

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: