fbpx

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက်စစ်ကောင်စီကြား စစ်ရေးတင်းမာမှုပြင်းထန်လာ

By MPA
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်ကောင်စီကြား စစ်ရေးတင်းမာမှုပြင်းထန်လာနေကြောင်း သတင်းရရှိသည်။
တိုက်ပွဲများရပ်တန့်နေသော ရခိုင်တွင် ဧပြီလဆန်းမှစတင်ပြီး စစ်ရေးတင်းမာနေရာ ယခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်လာနေကြောင်း ဒေသခံများက ဆိုသည်။
“ဒီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ စစ်တပ်က နေ့တိုင်းလိုလိုအင်အားတိုးနေပါတယ်။ ဒီနေ့ကတော့ စစ်သားအပြည့်၊ ရိက္ခာလက်နက်အပြည်နဲ့ စစ်ကားအစီး တစ်ဆယ်ကျော် မောင်တောဘက်သို့ တက်သွားပါတယ်”ဟု ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းရှိ ဈေးဆိုင်သည် အမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား ဧပြီလ ၁၃ ရက်နေ့က မြေပုံမြို့နယ်တွင် ထိတွေ့မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဖက်မှ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
“ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ။ ငြိမ်းချမ်းရေးဘာညာသောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့ နေရာထိ တက်ကြိတ်ပလိုက်မှာနော်” ဟု ရက္ခိုင့်တပ်တော် (AA) ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မေလ ၆ ရက် ယနေ့နံနက်က သူ့၏တွစ်တာလူမှုကွန်ရက်တွင် ရေးသားထားသည်။
ရခိုင်တွင် အကြမ်းဖက်စစ်တပ်က ယခုရက်ပိုင်းအတွင်း (AA) နှင့်ဆက်စပ်သည်ဟုဆိုပြီး ဒေသခံတချို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေသည်။
ထိုအပြင် ရခိုင်ရှိနေရာအားလုံးနီးပါးတွင် စစ်အင်အားတိုးထားပြီး စစ်ရေးပြင်ဆင်မှုများလည်း ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံမျက်မြင်များက ဆိုသည်။
“ဒီလသုံးရက်နေ့က တပ်မ ၂၂ က အင်အား ၂၅ ယောက်လောက် လက်နက်အပြည့်အစုံနဲ့ ထိပ်တူးပေါက်တောင်ဘက် တက်သွားပါတယ်။ စစ်တပ်က ရိက္ခာ အပြည့်အစုံနဲ့အင်အားတိုးနေတာကိုတွေ့ရပါတယ်”ဟု ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာနေ မာမတ်ဆော်လိမ်က MPA သို့ ပြောသည်။
ရခိုင်တွင်ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား ယခုနှစ်ဆန်းပိုင်းက မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲတချို့ဖြစ်ပွားခဲ့သည်။
(Photo – MPA / ပုံစာ – ဘူးသီးတောင်-မောင်တောကားလမ်းဘေးရှိ စစ်ကောင်စီဗျူဟာ )

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: