


By MPA 001
ရန်ကုန်တိုင်းမှ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းများတွင် တပ်ဖွဲ့ဝင်သုံးဦးအထက်သာ အပြင်ထွက်ရန် စာကပ်သတိပေးထားကြောင်း အမည်မဖော်လိုသူရဲတစ်ဦးကပြောသည်။
အဆိုပါ တပ်ဖွဲ့ဝင်သုံးဦးအထက် အပြင်ထွက်ရန်စာကပ်သတိပေးထားခြင်းကို စမ်းချောင်းမြို့နယ်ရဲစခန်း၏ တံခါးအပေါက်ဝ တည့်တည့်တွင် အများမြင်အောင် စာကပ်ထားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူရဲတစ်ဦးက ပြောသည်။
“အခုက ရဲစခန်းတွေအပစ်ခံနေရတာကြောင့် ထမင်းသွားစားရင်တောင် သုံးဦးထက်သွားမှ ခွင့်ပြုတယ်။ စမ်းချောင်းရဲစခန်းက ရင်ပြင်နဲ့နီးတော့ လူသွားလူလာထူတယ်။ အမြဲလန့်နေရတာပေါ့”ဟု ယင်းအမည်မဖော်လိုသူရဲတစ်ဦးက ရှင်းပြသည်။
စမ်းချောင်းမြို့နယ် ရဲစခန်းတွင် Probox အမျိုးအစား ကားအစိမ်းရောင်တစ်စီးကို အိမ်စီးကားအသွင်ယူကာ အရပ်ဝတ်ရဲငါးဦးဖြင့် လက်နက် အပြည့်အစုံတပ်ဆင်ပြီး ကင်းပတ်ထောက်လှမ်းလေ့ရှိကြောင်း စမ်းချောင်းရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စမ်းချောင်းမြို့နယ်ရဲစခန်းဝင်းအတွင်း မုန့်ဆိုင်ဖွင့်ကာ ရောင်းချထားပြီး ရဲတပ်သားများအပြင်ထွက်မှုကို ကန့်သတ်ထားကြောင်းနှင့် ရဲစခန်းအတွင်းအပြင် လုံခြုံရေးအတွက် CCTVများ လျှို့ဝှက်တပ်ဆင်ထားကြောင်း စမ်းချောင်းရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဆက်ပြောသည်။
“PDFနဲ့ ပကတတွေက လာတိုက်မှာကြောက်ပြီး ကင်းသမားကို ကျည်အသင့်ထိုးပြီး စောင့်ခိုင်းနေတာ။ ရဲဝန်းထဲလည်း ဈေးဆိုင်ဖွင့်ပြီး အဲ့မှာစားခိုင်းတယ်။ သွေးပျက်နေကြတာ”ဟု စမ်းချောင်းရဲစခန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
လက်ရှိတွင် စမ်းချောင်းရဲစခန်းအတွင်း ထောက်ခံစာပြုလုပ်ပေးနေသည့် ခန်းမအား အများပြည်သူများကို ဝင်ရောက်ခွင့်မပြုတော့ဘဲ ရဲစခန်းဝင်ပေါက် ကင်းဂိတ်အနီး အခန်းဖွဲ့၍ ထောက်ခံစာများပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။
ပုံစာ – စမ်းချောင်းမြို့မရဲစခန်းအား ပြည်သူတစ်ဦးယခင်က ဆန္ဒထုတ်ဖော်ပြသနေပုံ