fbpx

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ထပ်မံအင်းဖြည့်တင်း

By MPA
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မေလ ၆ ရက်နေ့တွင် လူအင်အားထပ်မံဖြည့်တင်းခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တံခွန်တိုင်ရွာရဲစခန်းဝင်းအတွင်း ခြေကုပ် နေရာယူထားရသည့် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက်စစ်ကောင်စီတပ် ခလရ -၂၈၃၊ ၃၂ ပူးပေါင်းတပ်ရင်းတို့သည် ထပ်မံ စစ်အင်အား တိုးလာကြောင်းသိရသည်။
“စစ်ခွေးတွေက ထပ်ပြီးအင်အားတိုးလာတယ်။ တိုက်ပွဲအခြေနေက ဆက်ပြီးစတင်တော့မယ်။ သူတို့ဘက်ကလည်း နောက်မဆုတ်ဘူး။ ကျွန်တော်တို့ဘက်ကလည်း လက်မလျော့ဘူး’’ဟု တပ်မဟာ ၆ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယမန်နေ့ညတွင်လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ရွာအနီးတွင် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့ည ၁၁ နာရီကလောက်က ပစ်ခတ်တာတွေရှိတယ်။ လက်နက်ကြီးတွေတော့မပါဘူး။ လက်နက်ငယ်တွေနဲ့ပစ်တယ်။ ည ၁ နာရီလောက်မှာတော့ငြိမ်သွားတယ်။ ဒီမနက်တော့ လောလောဆယ်ဆယ်တော့ငြိမ်နေသေးတယ်”ဟု တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီများ အာဏာသိမ်းပြီးနောက်တွင်မြို့နယ်တိုင်းတွင် စစ်ကောင်စီ ပြုတ်ကျရေးအတွက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုတွင်လည်း KNU တပ်မဟာ (၆) နယ်မြေဖြစ်သော ကြာအင်းဆိပ်ကြီး ကျေးရွာတွင်အကြိမ် ၃၀ ထက် နည်းတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကျေးရွာ ၁၀ ရွာကျော်မှ ကျေးရွာပြည်သူ ၃၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရသည်ဟု ကယ်ဆယ်ရေးအဖွဲ့များထံမှသိရသည်။
ဧပြီလနှင့် မေလအထိ KNU ၏ တပ်မဟာနယ်မြေ ၆ ခုတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် BGF ဘက်မှ အရပ်သား နေထိုင်ရာ ရပ်ရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် အဓမ္မခေါ်ယူခိုင်းစေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် သောင်းနှင့်ချီသော ဒေသခံပြည်သူများမှာ အိုးအိမ်ကို စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: