fbpx

ကျောက်ပန်းတောင်မြို့နယ်အတွင်းရှိ မြန်မာဘီယာရုံးချုပ်ဖောက်ခွဲခံရ

By MPA
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်ဖြစ်သော မြန်မာဘီယာရုံးချုပ်အား ယနေ့ မေလ ၉ ရက် နံနက် ၁၂ နာရီကျော်ခန့်တွင် ဖောက်ခွဲခဲ့သည်ဟု Kyakpadaung Defence Force -KDF Page တွင် ထုတ်ပြန်ထားသည်။
ဖောက်ခွဲမှုကို KDF တပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး KDF တပ်ဖွဲ့ဝင်တစ်ဦးက “ ပစ္စည်းကိုလုပ်တာ အခုကပထမဆုံးအကြိမ်ပါ အရင်တော့ဌာနတွေ၊ ကင်းစခန်းတွေ၊ ဘဏ်တို့ကိုလုပ်ပါတယ်’’၎င်းက ပြောသည်။
ယင်းဖောက်ခွဲမှုတွင် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်ဖြစ်သည့် ဘီယာဖာများနှင့်ကားတစ်စီး ပျက်စီးသွားပြီး ဖောက်ခွဲမှုများ ပြုလုပ်ရန်ရည်ရွယ်ထားသည်မှာ ၁လကျော်ခန့်ရှိပြီဖြစ်ကြောင်းလည်းသိရသည်။
“အခုလိုဖောက်ခွဲဖို့က အချိန်အများကြီး မယူလိုက်ရပါဘူး။ ခွဲချင်တာက သင်္ကြန်ထဲကပါ ကြားထဲမှာ အခြား မစ်ရှင်တွေလုပ်နေလို့ အခုမှခွဲဖြစ်တာပါ။ ကျွန်တော်တို့ဒီနေ့မြန်မာဘီယာရုံးချုပ်ကိုသွားတဲ့ အချိန်မှာ ရုံးထဲမှာဝန်ထမ်း ၂ ဦးရှိတယ်။ သူတို့ကို ကျွန်တော်တို့ဘာမှမလုပ်ခဲ့ပါဘူး။ ပစ္စည်းတွေကိုသာ ဖောက်ခွဲခဲ့တာပါ”ဟု KDF တာဝန်ခံတစ်ဦးကပြောသည်။
ထပ်မံ၍လည်း အကြမ်းဖက်စစ်ကောင်စီနှင့် သက်ဆိုင်သည့်မည်သည့်အရာမျိုးကိုမဆို ဖျက်ဆီးမှုများ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း၊ တော်လှန်ရေးမပြီးသရွေ့ ဆက်လက်လုပ်နေဦးမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။
ပြည်သူများအားမြို့ပေါ်ရှိ ဘီယာဆိုင်များတွင် မြန်မာစည်ဘီယာမရောင်းချရန်နှင့် စတိုးဆိုင်များအနေနှင့် စစ်တပ်မှထုတ်လုပ်သော ဘီယာနှင့်အခြားထုတ်ကုန်များကို မတင်ကြရန်ကိုလည်း KDF တပ်ဖွဲ့ကဖြည့်စွက်ပြောဆိုထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: