


By MPA 001
ထားဝယ်ခရိုင်တွင်းက ကြံ့ဖွံ့ပါတီဝင် သွေးသောက်အဖွဲ့သား ယနေ့သေနတ်ဖြင့် ပစ်ခံရပြီးနောက် သင်္ဘောဆိပ်ရပ်ကွက်အတွင်း အနီရောင်စစ်ဆင်ရေးကြေညာစာများလိုက်ကပ်နေကြောင်း Dawei Information Center က ပြောသည်။
လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအုပ်စု၊ မဲမော်ရွာရှိ ကြံခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း သွေးသောက်အဖွဲ့ဝင် ဦးလှအင်ကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း Dawei Information Centerကပြောသည်။
“ဘယ်အဖွဲ့ကပစ်တာလဲဆိုတာ မထုတ်ပြန်သေးဘူး။ သူက သွေးသောက်အဖွဲ့ထဲကပဲ။ အိမ်နီးချင်းအိမ်ကို သွားလည်တုန်း အပစ်ခံရတာ”ဟု Dawei Information Center၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ယနေ့မနက် ၈ နာရီ ၃၀ မိနစ်က အသက် ၅၄ နှစ်အရွယ်ရှိ သွေးသောက်အဖွဲ့ဝင် ဦးလှအင်ဆိုသူသည် နေအိမ်အနီးတွင် သေနတ် ၆ ချက်ပစ်ခတ်ခံရပြီး ဆေးရုံသို့တက်ရောက်ကုသနေရကြောင်း Dawei Information Center၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“ခုနကပြောသလိုပဲ ဘယ်အဖွဲ့ဆိုတာမသိရ။ သေချာတာက ဝမ်းဗိုက်နဲ့ သေစေနိုင်တဲ့နေရာတွေကိုထိပြီး ဆေးရုံရောက်နေတယ်။ အဲ့ရွာမှာ စရဖအမိန့်ကိုနာခံတဲ့ သွေးသောက်အဖွဲ့ဝင် ၆ ဦးရှိပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတာ”ဟု ၎င်းက ပြောသည်။
ယင်းပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် သင်္ဘောဆိပ်ရပ်ကွက်ရှိ NLD ပါတီအမာခံနေအိမ်ကို ပျူစောထီးအမည်ပြောင်း စွန်ရဲအဖွဲ့က ခြိမ်းခြောက်စာပြားများ လာရောက်ကပ်သွားခဲ့သည်ဟု သင်္ဘောဆိပ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“ဒီနေ့မနက်က ရပ်ကွက်ထဲကို အိမ်စီးကားအမည်းနဲ့ ဦးဝင်းတို့အိမ်ရှေ့လာကပ်သွားတာ။ နောက်ပြီး ခြိမ်းခြောက်စာတွေလဲ ချိတ်ပိတ်ထားတဲ့ အိမ်တွေမှာကပ်သွားသေးတယ်”ဟု သင်္ဘောဆိပ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ယနေ့မနက် ၉ နာရီ ၄၅ မိနစ်က သင်္ဘောဆိပ်ရပ်ကွက်အတွင်း လာရောက်ကပ်ကြသည့် သွေးသောက်အဖွဲ့၊ စွန်ရဲအဖွဲ့များသည် ထားဝယ် စရဖနှင့်ပူးပေါင်းကာ ထားဝယ်မြို့နယ်၊ ပန်းဒလဲရွာသားသုံးဦးအား ရက်ရက်စက်စက် လက်ပြန်နောက်ကြိုးတုပ် ဓားနဲ့ထိုးသတ်ခဲ့သည်ဟု ခိုင်လုံသောသတင်းရပ်ကွက်မှ သိရသည်။
ထားဝယ်ခရိုင်၊ သင်္ဘောဆိပ်ရပ်ကွက်အတွင်း “လေဟုန်ပြင်းပြင်း အနီရောင်ကိုရှင်း စွန်ရဲအဖွဲ့” စာတမ်းနှင့် အကြမ်းဖက် စစ်ကောင်စီတပ် လက်ဝေခံ ပြည့်သူ့စစ် ဒေသအခေါ် ပျူစောထီးအဖွဲ့များသည် သွေးသောက်အဖွဲ့အမည်ပြောင်းကာ NLD ထောက်ခံအားပေးသူ၊ ပါတီဝင်များနှင့် PDF မိသားစုများကို လက်တုံ့ပြန်သတ်ဖြတ်မည်ဟုစာပါရှိသည့် ခြိမ်းခြောက်စာများ ယနေ့မနက် ၉ နာရီ ၄၅ မိနစ်က ဖြန့်ဝေခဲ့သည်။
Photo – MPA