By MPA
ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကို မေလ ၅ ရက်ဖွင့်လှစ်မည်ဟု ထုတ်ပြန်ထားသော်လည်း ထိုင်း-မြန်မာဘက်ရှိ တာဝန်ရှိများ ညှိနှိုင်းဆွေးနွေးနေပြီး တံတားဖွင့် မည့်ရက်ကို နောက်ဆုတ်ထားသောကြောင့် MOU အလုပ်သမားကဒ်လုပ်ထားသူများ အခက်တွေ့နေကြောင်း ဒေသခံများထံမှသိရသည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများရှားပါလာလျက်ရှိပြီး MOU လမ်းကြောင်းများ ပိတ်ထားသောကြောင့် ရွှေ့ပြောင်း အလုပ်သမားများအနေနှင့် ကူးသန်းသွားလာ အလုပ်လုပ်ကိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်လာရပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သည့်လမ်းများက မှောင်ခိုဝင်ရောက်သူများလာကာ အဖမ်းခံရသူများ တစ်နေ့ထက်တစ်နေ့များပြားလာသည်။
“ခိုးလမ်းကလာရင် ဖမ်းခံထိမှာကြောက်လို့ MOUကဒ်လေးလုပ်မိတယ်။ အခုချိန်ထိထိုင်းနိုင်ငံကိုမရောက်သေးဘူး။ ခိုးလမ်းကနေ တက်သွားတဲ့ ကျွန်မသူငယ်ချင်းတောင်ဘန်ကောက်ကိုရောက်သွားပြီး”ဟု ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ထိုင်းနိုင်ငံတို့ဖြတ်သန်းသွားလာသည့် အမှတ် (၁) တံတားပိတ်ထားမှုကြောင့် MOU အလုပ်သမားကဒ် ပြုလုပ်ထားသူများမှာလည်း မကြာခဏဆိုသလို ရန်ကုန်ရှိ MOU အလုပ်သမားရုံးသို့ သွားနေရသောကြောင့် ငွေကြေးများစွာကုန်ဆုံးနေကြောင်းလည်းသိရသည်။
“ခိုးလမ်းကနေသွားရင် ဘတ် ၃သောင်းလောက်ဘဲကုန်တယ်။ အခုက MOUကဒ် လုပ်ပစ်လိုက်တာ ဘတ် ၅သောင်းလောက်ရှိနေပြီး အခုထိလည်းမပြီးသေးဘူး။ တံတားလည်းအခုချိန်ထိမဖွင့်သေးဘူး။ ဘယ်နေ့မှထိုင်းနိုင်ငံကိုရောက်မလဲမသိဘူး”ဟု ကျုံဒိုးမြို့ရှိဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေတွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် (၁)တံတားကိုပြန်ဖွင့်နိုင်ရန် နှစ်ဖက်တာဝန်ရှိသူများက အကြိမ်ကြိမ် ဆွေးနွေးနေကြသော်လည်း နယ်စပ်ဖြတ်ကျော်ခွင့်များကို အသီးသီးပိတ်ထားကြတာကြောင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခက်ကြုံနေရပြီး ခိုးဝင်မှုကြောင့် ဖမ်းဆီးခံရမှုများ မြင့်တက်နေဆဲဖြစ်ကြောင်းသိရသည်။
မဲဆောက်အတွင်းရှိသည့် သတင်းအရင်းအမြစ်များက “ ၁၅ ရက်နေ့ဖွင့်မှာ။ အခုတောင် MOU သမားတွေကို ခေါ်ဖို့အတွက် ကားတွေအဆင်သင့် စောင့်နေတာကို မြင်ခဲ့ရတယ်”ဟု MPA သတင်းဌာနသို့ ပြောကြားသည်။
Photo – CJ