fbpx

ပခုက္ကူမြို့နယ်ရှိ Non CDM ကျောင်းဆရာ၊ ဆရာမများ အစောင့်အကျပ်များဖြင့် သင်ရိုးသစ်သင်တန်းပြုလုပ်နေရ

By MPA
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ Non CDM ကျောင်းဆရာမများသည် ယနေ့မေလ ၁၀ ရက်နံနက်ပိုင်း ၈ နာရီကျော်ခန့်တွင် အထက (၃) ကျောင်းဝင်းအတွင်း၌ အစောင့်အကျပ်များဖြင့် သင်ရိုးသစ်သင်တန်းများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ထင်းတန်းလမ်း၊ အမှတ် (၃) ရက်ကွက်ရှိ အထက (၃) ကျောင်းတွင် Non CDM ဆရာမများ သင်ရိုးသစ် သင်တန်းများ ပြုလုပ်နေပြီး စစ်ကောင်စီအင်အား ၂၀ ခန့်ဖြင့် လုံခြုံရေးချထားကာ ကျောင်းရှေ့ရှိ ဖြတ်သန်း သွားလာ နေသူများကိုလည်း စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။
“ဒီမနက်ပြုလုပ်တဲ့ သင်ရိုးသစ်သင်တန်းကိုလာတက်တဲ့ Non CDM ကျောင်းဆရာ၊ ဆရာမ ဦးရေက၂၀၀ ကျော်ရှိတယ်။ နောက်နေ့တွေလည်း ဆက်လုပ်ဖို့ရှိသေးတယ်။ ဒီနေ့သူတို့သင်တန်းက ၁၂ နာရီလောက်မှာပြီးသွားတယ်”ဟု ပခုက္ကူမြို့ရှိ CDM ဆရာမများကပြောသည်။
ထိုသို့သင်တန်းများပြုလုပ်နေသောကြောင့် မြို့တွင်းမြို့ပြင်ရှိ လမ်းများတွင်စစ်ဆေးမှုများ ယခင်ကထက် ပိုမိုပြုလုပ်နေပြီး မြို့တွင်း မြို့ပြင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ခန့်မှန်းခြေ ၁၀၀ ကျော်ခန့်ဖြင့် အင်အားသုံး ကင်းချထားကြောင်းလည်း သိရသည်။
“စစ်ဆေးတာကတော့ နေ့တိုင်းလိုလိုပါပဲ။ ဒီနေ့မှပိုဆိုးနေတယ် ရဲတွေ၊ စစ်သားတွေ၊ ပျူစောထီးအဖွဲ့တွေ၊ မော်တော်ပီကယ်တွေ အဖွဲ့အစုံပဲ အစစ်အဆေးတွေလုပ်နေတယ်”ဟု ပခုက္ကူမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပခုက္ကူမြို့အတွင်းရှိ ကျောင်းဆရာ၊ ဆရာမ အများအပြားမှာ CDM များပြုလုပ်ခဲ့ကြပြီး နောက်ပိုင်းတွင် Non CDM အဖြစ်သို့ ပြန်လည်ပြုလုပ်လိုက်သည့် ဆရာမဦးရေမှာ တစ်ရာကျော်ခန့်ရှိကြောင်း သိရသည်။
“Non CDM လုပ်တဲ့ ဆရာမအရေအတွက်က ပခုက္ကူထဲမှာဆိုရင် အယောက် ၄၀၀ လောက်ရှိပြီး ကျောင်းတွေဖွင့်တဲ့အချိန်မှာလည်း သူတို့စာသင်တဲ့ကျောင်းကို လာတက်တဲ့ကလေးတွေက စစ်သားသားသမီးတွေ၊ ပျူစောထီးသားသမီးတွေပဲရှိတယ်။ ပေါက်၊ ရေစကြို၊ မြိုင်ဘက်မှာ ကျောင်းပြန်တက်တာသိပ်မရှိဘူး”ဟု CDM ကျောင်းဆရာမတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ မတရားအာဏာသိမ်းပြီးသည့်နောက် မြို့နယ်တိုင်းလိုလို ကျောင်းဆရာ၊ ဆရာမများမှာ CDM များ ပြုလုပ်ခဲ့သည့်အတွက် စာသင်ကျောင်းများ ပိတ်ထားကြရပြီး နောက်ပိုင်းတွင် Non CDM များ ပြန်လည် ပြုလုပ်ခဲ့ကြသူများလည်းရှိသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက Non CDM အဖြစ်မှရပ်တန့်ပေးပါရန် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: