fbpx

မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ရင်း ဆေးခန်းနှင့် စာကြည့်တိုက်ဖွင့်လှစ်

By MPA
ချင်းပြည်နယ်မင်းတပ်မြို့နယ်ရှိ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တပ်ရင်း ဆေးခန်းနှင့် စာကြည့်တိုက်အား ဖွင့်လှစ်နိုင်ခဲ့သည်ဟု ယနေ့မေလ ၁၀ ရက် နံနက်ပိုင်းတွင် သိန်းငှက်တပ်ရင်း ၁ Cdf – Mindat က ဖော်ပြထားသည်။
ယင်း တပ်ရင်း ဆေးခန်းနှင့် စာကြည့်တိုက်ကို ဖွင့်လှစ်ရန် အချိန်ကာလအားဖြင့် ၂ လကျော်ခန့် ကြာမြင့်ခဲ့ပြီး ဆေးပေးခန်း ဖွင့်ရခြင်းသည် ဆေးရုံနှင့်ဝေးကွာသည့် ဒေသဖြစ်သောကြောင့် ယခုလို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းလည်းသိရသည်။
“အဓိက ကတော့ ကျွန်တော်တို့နယ်လေးက ဆေးရုံဆေးခန်းတွေနဲ့ဝေးတယ်လေ။ စစ်ကြောင်းတွေနဲ့လည်း အခက်ခဲတွေရှိတယ်။ ဆေးဝါးတွေက အခုမှစတင်ရတာဖြစ်တဲ့အတွက် နည်းပါးလှပါတယ်။ ကျွန်တော်တို့မှာ အဓိကရှိတဲ့ဆေးဝါးတွေက ဖျားနာတာနဲ့ အရေးပေါ်ထိခိုက်တာတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေပဲ ရှိပါသေးတယ်”ဟု သိန်းငှက်ထောက်ပို့နှင့် ဘဏ္ဍာရေးတာဝန်ခံတစ်ဦးက ပြောသည်။
မင်းတပ်မြို့တွင် ယင်းသို့ ဖွင့်လှစ်ထားသော ဆေးပေးခန်းရှိ ကုသပေးမည့် ဆရာဝန်များသည် CDM ဝင်လာသည့် ဒေသခံ သူနာပြုနှင့်ဆေးသင်တန်း တက်ရောက်ဖူးသော ရဲမေများဖြစ်ကြောင်းလည်း သိရသည်။
“လောလောဆယ်ဆယ်တော့ ကျွန်တော်တို့ဆေးခန်းမှာ ဆရာမတွေက သင်တန်းဆင်းတွေပဲရှိပါတယ်။ ဆေးဝါးတွေကတော့ ဈေးနှုန်းတွေကြီးနေတဲ့အတွက် ပြည့်စုံလုံလောက်တဲ့ ဆေးတွေတော့မရှိပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဆေးပေးခန်းဖွင့်ရခြင်းသည် စစ်ပွဲများအကြား သွားလာရခက်ခဲသည့် ပြည်သူများအတွက် အလွယ်တကူ လာရောက်ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ခြင်းဖြစ်ပြီး အလှူရှင်များလည်း လိုအပ်နေကြောင်းနှင့် လှူဒါန်းလိုပါက သိန်းငှက်တပ်ရင်း (၁) CDF Mindat Page တွင် ဆက်သွယ်လှူဒါန်း နိုင်ကြောင်းလည်းပြောကြားခဲ့သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: