fbpx

မြင်းမူမြို့နယ်ရှိ စစ်ဘေးရှောင်နှင့် မီးဘေးသင့် လူတသောင်းကျော်အတွက် အရေးပေါ် အကူအညီလိုအပ်

By MPA

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများ အကူအညီများစွာ လိုအပ်နေကြောင်း ယင်းအရေးကို ကူညီနေသည့် တာဝန်ရှိသူတစ်ဦးက MPA သတင်းဌာနသို့ ပြောသည်။
မြင်းမူမြို့နယ်နှင့် အခြားရွာနီးစပ်မှ စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူပေါင်း လက်ရှိတွင် တသောင်းကျော်ရှိနေပြီး ရိက္ခာများနှင့် အဝတ်အစား စသည့် အခက်အခဲများစွာ ရှိနေသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ကြောင့် ကျေးရွားအများအပြား မီးလောင်ပျက်စီးခဲ့ရသလို စစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများအားလုံး နီးစပ်ရာ တောတွင်းတစ်နေရာသို့ တိမ်းရှောင် ခိုလှုံနေရသည်။
လက်တလောတွင် အလှူရှင်တချို့၏ လှူဒါန်းပစ္စည်းများကို ရရှိနေသော်လည်း မလောက်ငှကြောင်းလည်း စုံစမ်းသိရှိရသည်။
“စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေက အကုန်လုံး စုပြုံပြီး ဖြစ်နေတာဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဗျာ့။မလောက်ငှဘူး။ ရွာနီးချုပ်စပ်က စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတင် သောင်းကျော်တယ်။ စစ်ကြောင်းတွေကလည်း ထိုးနေတာ ဆိုတော့။ အမိုးအကာတွေရယ် တခြားအဝတ်အထည်၊ ဆန်ဆီ။ အဓိကကတော့ အမိုးအကာပေါ့ဗျာ။ တောထဲမှာ နေတာဆိုတော့ အဆင်မပြေဘူး။ သစ်ပင်တွေအောက်မှာဖြစ်သလိုမျိုး နေရာတာဆိုတော့ ကျန်းမာရေးတွေလည်း ထိခိုက်တာပေါ့”စစ်ရှောင်နှင့် မီးဘေးသင့်ပြည်သူများကို ကူညီနေသည့် တာဝန်ရှိသူတစ်ဦးက MPA သတင်းဌာနသို့ ပြောကြားသည်။
ထို့ကြောင့် လူဦးရေနှင့် လိုအပ်ချက် ကွာခြားချက်ကြီးမားလွန်းနေသည့်အတွက် လက်ရှိတွင် အဆင်ပြေအောင် ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရပြီး အရေးပေါ်အကူအညီများအတွက် ကူညီကြဖို့ တောင်းဆိုထားသည်။
ပြည်သူများသည် ကျေးရွာများတွင် မနေရဲတော့ဘဲ တောထဲတွင် တိမ်းရှောင်နေကြသည်မှာ ရက်ပေါင်းအတော်ကြာပြီဖြစ်ကြောင်း ပြန်စရာအိမ်လည်း မရှိကြတော့ကြောင်း ၎င်း တာဝန်ရှိသူက ဆက်ပြောသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: