fbpx

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှု အခြေအနေ အန္တရာယ် အမြင့်ဆုံးထိရောက်လာ

                                                                                                 Photo-AFP
By MPA
မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံအပေါ်ကျရောက်နေသည့် တင်းကျပ်မှုနှင့် အရေးယူပိတ်ဆို့မှုမှန်သမျှကို ပြန်လည် ချေပနိုင်ရန် အတွက် နိုင်ငံ၏ နျူကလီးယား အစီအစဉ်များကို အရှိန်ပြင်းပြင်းနှင့် လုပ်ဆောင်လျက်ရှိနေသည်။
ယခုနှစ်အတွင်း ပစ်လွှတ်စမ်းသပ်သည့် ၁၄ ကြိမ်မြောက် နျူကလီးယား ပဲ့ထိန်းဒုံးကျည်ပြီးနောက် နောက်ထပ် ရက်အနည်းငယ်တွင် ၁၅ ကြိမ်မြောက် ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ခဲ့ပြန်သည်။
လက်ရှိတွင် မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းမှု အစီအစဉ် ရပ်တန့်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဘက်ကလည်း နိုင်ငံကာကွယ်ရေးဆိုသည့် အချက်နှင့် နျူကလီးယားလက်နက်များကို အကြိမ်ကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့သည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအပါအဝင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။
ဂျပန်နိုင်ငံဘက်က မြောက်ကိုရီးယားနိုင်ငံ၏ လက်ရှိ အပြုအမူများနှင့် ပတ်သက်၍ အန္တရာယ်အရှိဆုံး အခြေအနေတစ်ခုအဖြစ် မှတ်ချက်ပြုထားသည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကလည်း ကြိုတင်မမြင်နိုင်သည့် အခြေအနေများ ခပ်စိပ်စိပ်ဖြစ်လာနေသည့်အတွက် မြောက်ကိုရီးယား နိုင်ငံ၏ အပြုအမူအားလုံးကို ဂရုတစိုက် စောင့်ကြည့်ရန် လိုအပ်သည်ဟု အသိပေးထားသည်။
မြောက်ကိုရီးယားကင်ဂျုံအမ်အနေနှင့် နိုင်ငံတကာဖိအားများကို ဖြေရှင်းနိုင်ရန်မှာ နျူကလီးယားလက်နက်ကသာ အဓိက ဖြစ်သည်ဆိုသည့် ခံယူချက်ကို ကျင့်သုံးထားသည်။
ပြီးခဲ့သည့် စစ်ရေးပြအခမ်းအနားတွင်လည်း နိုင်ငံအပေါ်ကျရောက်နေသည့် ဖိအားအတိုင်း ၎င်းတို့၏ နျူကလီးယား ထုတ်လုပ် စမ်းသပ်မှု သည်လည်း တန်းတူရှိနေမည်ဟု အသိပေးထားဖူးသည်။
မြောက်ကိုရီးယားအရေးလေ့လာနေသည့် ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ ယခုလို နျူကလီးယားလက်နက်များ ခပ်စိပ်စိပ် ပစ်လွှတ် စမ်းသပ်နေခြင်းသည် တောင်ကိုရီးယားနိုင်ငံ၏ သမ္မတသစ်ဖြစ်လာသည့် ယွန်းဆော့ယောကို ကင်ဂျုံအမ်ဘက်က သတိပေးမှုလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။
ထို့ပြင် တောင်ကိုရီးယားကျွန်းဆွယ်အရေးအတွက် အနာဂတ် အစီအစဉ်တွင် စိန်ခေါ်မှုများစွာ ရှိလာနိုင်ပြီး တောင်ကိုရီးယား သမ္မတသစ်ဖြစ်လာသည့် ယွန်းဆော့ယောအတွက်ပါ စိန်ခေါ်မှုများစွာ ရှိနေကြာင်း သုံးသပ်ထားကြသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဘက်ကလည်း ဆွေးနွေးညှိနှိုင်းရေးများထက် နျူကလီးယား ထပ်တိုး တီထွင်ရေးများတွင်သာ အားစိုက်နေသည့်အခြေအနေကလည်း စိုးရိမ်းစရာ အခြေအနေဖြစ်ကြောင်း နိုင်ငံတကာအရေး လေ့လာသူများက မှတ်ချက်ပြုကြသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: