


By MPA
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာ ၆ ရွာရှိပြည်သူများအားယမန်နေ့ မေလ ၇ ရက်နေ့ တွင် အုပ်ချုပ်ရေးမှူးက စစ်တန်းထဲသို့ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များအားထောက်ပံ့ရန် ငွေကြေးများ ကောက်ခံနေကြောင်း ကျေးရွာရှိပြည်သူများထံမှ သိရှီရသည်။
အိမ်တစ်အိမ်တွင်ထိုင်းဘတ်ငွေ ၅၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကျေးရွာအုပ်စုများဖြစ်သည့် သဲပုံရွာ ကျေးရွာ၊ ဝါးခဟောင်း ကျေးရွာ၊ မဲထီကျေးရွာ အစရှိသည့် ကျေးရွာများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်တန်းထွက်နေသော BGF တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများအား မဖြစ်မနေပေးဆောင်ရမည်ဟုပြောကြားခဲ့သည်။
“ကောက်ခိုင်းတာက BGF ကောက်ခိုင်းတာ။ လာကောက်တဲ့သူတွေကလည်းBGF တွေကြီးပဲ။ လက်နက်တွေနဲ့ ဒီနေ့ နောက်ဆုံး ပေးရမယ် ဆိုပြီး အုပ်ချုပ်ရေးမှူးကပြောထားတယ်’’ဟု သဲပုံရွာဒေသခံတစ်ဦးကပြောသည်။
ထိုသို့မတရားကောက်ခံမှုများကြောင့် အခြေခံလူတန်းစားများအနေဖြင့် များစွာအခက်အခဲများကြုံတွေ့နေရကြောင်းလဲသိရသည်။
“ဘတ် ၅၀၀ မပြောနဲ့ကျွန်မတို့မှာ ဘတ် ၁၀၀တောင်မရှိဘူး။ ကိုယ့်ဘာသာကိုယ်တောင် စားဝတ်နေရေးအတွက် မနည်းကြီး ရုန်းကန်နေရတာ။ အခုလိုမျိုးဘတ် ၅၀၀ လာကောက်တော့ဘယ်လိုလုပ်ရမှန်းမသိဘူး ’’ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
မြဝတီမြို့နယ် ရွှေကုက္ကိုလ်သည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် ဗိုလ်ချစ်သူ(BGF)နေထိုင်သည့် မြို့တစ်မြို့ဖြစ်ပြီး ယင်းမြို့နယ်အတွင်းတွင် ကာစီနိုလောင်းကစားရုံများစွာဖွင့်လစ်ထားပြီး တရုတ်မြို့တစ်မြို့ဟုလည်း အများကတင်စားခေါ်ဝေါ်ကြသည်။
Photo – People’s Spring
Photo – CJ