fbpx

အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းကာလအတွင်း စီးပွားရေးကျပ်တည်းကာ သားဖွား၊ မီးယပ် ဆေးကုသမှု ကုန်ကျစရိတ်မြင့်တက်

                                                                                Photo – MPA (ပုံအဟောင်းကို အသုံးပြုထားသည်)
By MPA /007
စစ်အာဏာသိမ်းမှုကာလအတွင်း စီးပွားရေးအကျပ်အတည်းများကြောင့် သားဖွား၊ မီးယပ်ရောဂါ ဆေးကုသမှု ကုန်ကျစရိတ်များ မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံကို အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံအတွင်း စီးပွားရေးများ ကျပ်တည်းကာ ပြည်သူလူထုအနေနှင့် ခက်ခဲမှုများနှင့် ရင်ဆိုင်နေရသည်။
ယင်းခက်ခဲမှုများတွင် အမျိုးသမီးများအတွက် အရေးပါသည့် သားဖွားမှုနှင့် မီးယပ်ရောဂါခံစားနေရသည့် အမျိုးသမီးများ၏ ဆေးကုသမှုကုန်ကျစရိတ်မှာ နိုင်ငံအတွင်း ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့်အတူ အလွန်မြင့်တက်နေကြောင်း ကိုယ်ဝန်ဆောင် မိခင်တစ်ဦးဆီမှ သိရသည်။
သားဖွားစရိတ်အတွက် ကုန်ကျစရိတ်အလွန်များပြားနေချိန်တွင် ပိုက်ဆံမတတ်နိုင်သည့် ကိုယ်ဝန်သည်များအနေနှင့် ဆေးရုံသို့ သွားရန် ခက်ခဲမှုများရှိနေကြသည်။
“လက်သည်အိမ်မှာ လမစေ့ဘဲမွေးတာ လမ်းမမှာသွေးတွေဆို အများကြီး အိမ်ဘေးကလမ်းကြားထဲမှာ။ အငြိမ်းစား သူနာပြု ဆရာမကြီးကူလို့ ကလေးအသက်ရှင်တာ။ ဆိုင်ကယ်ဘေးတွဲမောင်းတဲ့ကောင်လေးရဲ့မိန်းမ” ဟု တောင်ဒဂုံမြို့ခံ CDM ဆရာမတစ်ဦးက MPA သတင်းဌာနသို့ ပြောပြသည်။
ထိုကြောင့် တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ ကိုယ်ဝန်ဆောင် အခြေခံလူတန်းစားများသည် အရပ်လက်သည်ကို အားကိုးနေရကြောင်း သိရှိရသည်။
“အရင်က ဆေးခန်းရက်ချိန်းသွားရင် တစ်ရက်ကို ၂၀၀၀၀ လောက်ကုန်ကျတယ်။ အခုကျတော့ ဆေးခန်းပြရင် ဆေးဖိုးနဲ့ ဆေးကုသစရိတ်က နှစ်ဆလောက်တက်သွားတယ်။ ကလေးမီးမဖွားခင် ကုန်ကျစရိတ်ကတောင် ဒီလောက်မြင့်တက်နေတာ မီးဖွားစရိတ်ဆို တွေးတောင်မတွေးရဲဘူး”ဟု ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက MPA သတင်းဌာနသို့ ပြောသည်။
ဆေးဝါးများ၏ဈေးနှုန်းများသည်လည်း ဒေါ်လာဈေး မြင့်တက်နေသောကြောင့် အိမ်သုံး အခြေခံဆေးဝါးများပင် ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရှိရသည်။ ကိုယ်ဝန်ဆောင်အမျိးသမီးများနှင့် သက်ဆိုင်သည့် မီးယပ်ဆေးဝါးများသည်လည်း ယခင်ကထက် နှစ်ဆလောက် မြင့်တက်နေကြောင်း ဆေးဝါးအရောင်းဆိုင်ဖွင့်ထားသည့် ဆိုင်ရှင်တစ်ဦးဆီမှ စုံးစမ်းသိရှိရသည်။
“အရင်ကဈေးနဲ့ရောင်းရင်ပြန်ဝယ်တော့တက်ဈေးမိရော၊ အဲဒီတော့ အမျိုးသမီးငယ်တွေ မဝယ်မဖြစ်ဝယ်ရတဲ့ လစဉ်သုံး ဆေးဝါးတွေလည်းတက်ရတာပေါ့”ဟု ရန်ကုန်တွင်းဖွင့်လှစ်ထားသည့် ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
“ယောင်္ကျားလေးသီးသန့်ဆေးကတော့မသိဘူး။ မိန်းကလေးတွေ OG ပြရရင်ပေးတဲ့ ဆေးတွေက အရင်ကထက်တော့ တက်လာတယ်။ ဆရာဝန်ကိုတစ်ခါတည်း အပြီးပြရတာမဟုတ်ဘူးလေ။ မီးယပ်ကိစ္စက OG ချိန်းတဲ့အခါတိုင်းသွားရတာ”ဟု ရန်ကုန်မြို့ခံ လူနာတစ်ဦးကပြောသည်။
ဆရာဝန်များသည်လည်း လူနာအပေါ်တာဝန်အရ ဆေးပေးနေရသော်လည်း အကြမ်းဖက် စစ်ကောင်စီလက်ထက် ဆေးဝါးဈေးနှုန်းကြောင့် လူနာများအဆင်မပြေဖြစ်နေကြောင်း ဆရာဝန်တစ်ဦးက ပြောပြသည်။
အကြမ်းဖက်စစ်ကောင်စီကြောင့် CDM သားဖွားမီးယပ်ဆရာဝန်များ အစိုးရဆေးရုံတွင် လုပ်ငန်းခွင်မဝင်သည့် ဖြစ်ရပ်များကြောင့် ပြည်သူ့ဝန်ထမ်းများ နည်းပါးသွားခဲ့ရသည်။ လက်ရှိတွင် အစိုးရဆေးရုံတွင်မီးဖွားခွင့်အတွက် အခမဲ့နီးပါးဖြစ်သော်လည်း ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုများနှင့် ပိုက်ဆံတောင်းမှုများရှိနေကြောင်း MPA ၏ စုံစမ်းမေးမြန်းချက်အရ သိရှိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: