fbpx

အာဏာသိမ်းကာလအတွင်း အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့် ခင်ဦးမြို့နယ်ရှိ ပြည်သူနေအိမ်ပေါင်း ၁၂၀၀ ကျော်ပျက်စီးခဲ့

By MPA
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ၏နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ၎င်းတို့မတရားအာဏာသိမ်းပြီးနောက်ပိုင်း ယင်းကျေးရွာ၂၂ ရွာရှိ အပြစ်မဲ့ပြည်သူများ နေအိမ်ပေါင်း ၁၂၀၀ ကျော်ပျက်စီးခဲ့ရသည်။
ခင်ဦးမြို့နယ်အတွင်းရှိ တပင်ကောင်းကျေးရွာအပါအဝင် ကျန်ရွာ၂၁ ရွာရှိ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီများက မီးရှို့ခဲ့ပြီးနောက် ကျေးရွာများရှိ ပြည်သူအမြောက်အမြား အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး ယနေ့ထိ နေအိမ်သို့ ပြန်လည် ခြေချခွင့် မရသေးကြောင်း သိရှိရသည်။
“ကျွန်တော်တို့ရွာကိုမီးစရှို့တာက ကျွန်တော်မှတ်မိရသလောက်ကတော့ ပြီးခဲ့ နှစ် ၆ လပိုင်းလောက်က အခုဆို တစ်နှစ်တောင် ဖြစ်တော့မယ်။ ကျွန်တော်တို့မှာပြန်စရာအိမ်လည်း မရှိတော့ပါဘူး။ ဘယ်ကိုထပ်ပြီး ပြေးရဦးမလဲမသိတော့ဘူး”ဟု ခင်ဦးမြို့ ဒေသခံတစ်ဦး ကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုသို့ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့်အပြင် အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်မှုများလည်းပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူအများအပြားသေဆုံးခဲ့ရသည်ဟု စုံစမ်းသိရှိရည်။
“ကျွန်တော်တို့ရွာသားတွေကိုလည်း PDF လို့ စွပ်စွဲပြီးသတ်တယ်။ လူတွေနဲ့ဆက်သွယ်လို့မရအောင်လည်း ဖုန်းလိုင်းတွေဖြတ်တယ်။ ကျွန်တော်တို့ရိက္ခာတွေသွားယူမဲ့လမ်းတွေမှာလည်း သူတို့က စခန်းတွေ ချထားတယ်။ သူတို့ကဖြစ်နိုင်ရင် ကျွန်တော်တို့ မြို့နယ် လေးတွေကို ဘယ်သူတွေနဲ့မှအဆက်သွယ်လုပ်လို့ မရအောင် သူတို့ကလုပ်နေတာ။ အစာရေစာ ငတ်ပြီးသေအောင် လုပ်တဲ့ သဘောပေါ့ဗျာ”ဟု တောထဲသို့တိမ်းရှောင်နေရသူ ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ပြည်သူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးများဖွဲ့စည်းခဲ့ပြီး ရရာလက်နက်များဖြင့် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြသည်။
Photo-CJ

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: