


By MPA/007
အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအနေနှင့် ကျောင်းများ၊ တက္ကသိုလ်များ မတက်ဘဲ CDM ပြုလုပ်ပြီး အွန်လိုင်းအခြေပြု ပညာဒါနသင်တန်းများကို တက်ရောက်လာကြသူ များပြားလာကြောင်း သိရသည်။
အာဏာသိမ်းကာလအတွင်း ဆိုရှယ်မီဒီယာ Facebook မှတစ်ဆင့် စီမံခန့်ခွဲမှုသင်တန်းများ၊ ဘာသာစကားသင်တန်းများ၊ တစ်ချောင်းထိုး၊ နှစ်ချောင်းထိုး လက်မှုပညာရပ်များ အစရှိသည့် ပညာဒါနအဖြစ် ဖွင့်လှစ်သည့် ကျောင်းများ များပြားလာသည်။
သင်တန်းများထဲတွင် စီမံခန့်ခွဲရေးသင်တန်း၊ အင်္ဂလိပ်ဘာသာစကားသင်တန်း၊ တရုတ်ဘာသာစကားသင်တန်းများနှင့် ဂျပန်ဘာသာ စကား သင်တန်းများ ပို၍တက်ရောက်မှုများပြားလာကြောင်း သိရရှိရသည်။ အမှန်တကယ်သင်ပေးသည့် ပညာဒါနများရှိနေသလို ဝင်ကြေးအနည်းငယ်ကောက်ခံပြီး ဖြားယောင်းကာ လိမ်ညာနေကြသည့် သင်တန်းများစွာလည်း ရှိနေသည်။
“ကျွန်တော်တို့ အိမ်မှာနေမယ့်အတူတူ ကျောင်းလည်း မတက်ရတော့ Facebook ကနေ ပညာဒါနသင်တန်းတွေရှာဖွေပြီး ဘာသာ စကား သင်တန်းတွေ တက်ဖြစ်တယ်။ ဒါပေမယ့် တချို့သင်တန်းတွေက course (သင်ရိုး) တစ်ခုပြီးတဲ့အထိ သင်ကြားပေးပြီး certificate လက်မှတ်တွေပါပေးတယ်ဗျာ့။ တချို့သင်တန်းတွေက ဝင်ကြေးတောင်းပြီး ပြီးရင် block သွားတာတွေလည်း ကြုံခဲ့ရပါတယ်”ဟု တရုတ်ဘာသာစကား ပညာဒါနလေ့လာနေသည့် လူငယ်လေးတစ်ဦးက ပြောသည်။
“တက္ကသိုလ်တွေ၊ ကျောင်းတွေမတက်ရတော့ တဖြည်းဖြည်းအသက်တွေကြီးလာပြီး Facebook သုံးနေမယ့် အတူတူဆိုပြီး Management သင်တန်းတွေ တက်ဖြစ်ပါတယ်။ အခုတော့ certificate တွေရပြီး လုပ်ငန်းခွင်ဝင်ဖို့ ကြိုးပမ်းနေတယ်”ဟု အွန်လိုင်း ပညာဒါနသင်တန်းများ တက်ရောက်နေသည့် အမျိုးသမီးငယ်တစ်ဦးမှ ပြောပါသည်။
“ကျွန်မတို့တွေကလည်း သင်တန်းကျောင်းတွေ ဖွင့်လှစ်ဖို့ အခန်းငှားခ၊ Covid-19 ကူးစက်မှုအခြေအနေ၊ စစ်အာဏာသိမ်းကာလ ယခုအခြေအနေနဲ့ ဘယ်လိုမှအဆင်မပြေလို့ အွန်လိုင်းကနေတစ်ဆင့် သင်တန်းတွေ ဖွင့်ကြရပါတယ်။
ဖွင့်တဲ့အခါမှာလည်း သင်တန်းနာမည်လေးရအောင် ပညာဒါနအတန်းတွေပါ ဖွင့်လှစ်သင်ကြားပေးနေရတယ်။ အွန်လိုင်းက သင်ပြန်တော့လည်း ဒေတာဖိုးတွေက အရမ်းကုန်နေတော့ အဆင်မပြေပါဘူး”ဟု ဘာသာစကားသင်တန်း ဆရာမတစ်ဦးက ပြောသည်။
ယခုလက်ရှိအခြေအနေအရ စစ်အာဏာသိမ်းကာလအတွင်း CDM ကျောင်းသူ ကျောင်းသားများ များပြားခြင်း၊ လစာဝင်ငွေ လျော့ပါးခြင်း၊ သင်တန်းများကို ငွေကုန်ကြေးကျခံ၍ မတက်နိုင်တဲ့သူများ အများအပြားရှိနေခြင်းကြောင့် အွန်လိုင်းမှ တစ်ဆင့် ပညာဒါနသင်တန်းများအား တက်ရောက်နေသူ များပြားလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီမှ ဒေတာအသုံးပြုသည့် ဈေးနှုန်းများကို ပြောင်းလဲ သတ်မှတ်လိုက်သည့် အချိန်မှစ၍ သင်တန်း ဆရာ/ဆရာမများ၊ CDM ကျောင်းသား၊ ကျောင်းသူများ၊ လုပ်ငန်းခွင်ဝန်ထမ်းများ သင်တန်းသင်ကြားရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။