fbpx

ထားဝယ် တောင်သုံးလုံးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးကျ၊ ဆရာတော်တပါး ဒဏ်ရာရပြီး ရွာသားတစ်ဦးသေဆုံး

                                                     Photo – CJ ပုံစာ – လူမှုကူညီရေးအသင်းက ဒဏ်ရာရရှိသူများကို ကူညီနေပုံ
By MPA 001
ထားဝယ်မြို့၊ တောင်သုံးလုံးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ဆရာတော်တပါး ဒဏ်ရာရပြီး ရွာသားတစ်ဦးသေဆုံးခဲ့ကြောင်း Dawei Information Center က ဖော်ပြထားသည်။
ယမန်နေ့ ညနေ ၄ နာရီခန့်က ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ရွာအနီး တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းငယ်တစ်ခုကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲသည် ၄၀ မိနစ် ကြာမြင့်ခဲ့ကြောင်း Dawei Information Center က ဖော်ပြသည်။
“မနေ့ညနေက စစ်ခွေးစခန်းကို ဒေသခံ PDF တွေ ဝင်တိုက်ကြတာ။ နှစ်ဖက် အကျအဆုံးရှိတယ်ကြားတယ်။ သေချာတော့မသိရဘူး။ အကြမ်းဖက်စစ်ကောင်ဘက်က လက်နက်ကြီးအသုံးပြုမှုရှိတယ်”ဟု Dawei Information Center၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်ပါ ၄၀ မိနစ်ကြာ တိုက်ပွဲအတွင်း လာရောက်တိုက်ခိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်သားများ ဖမ်းဆီးခံရမှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ထားဝယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ယင်းသို့ အကြမ်းဖက်စစ်ကောင်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်သုံးလုံးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီး ကျကာ ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်ပုန်းခိုနေသည့် ဆရာတော်တပါးအပါအဝင် ရွာသားအချို့ထိခိုက်ဒဏ်ရာရရှိပြီး ရွာသား တစ်ဦးသေဆုံးကြောင်း ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆက်လက်ပြောကြားသည်။
“လက်နက်ကြီးက တောင်သုံးလုံးဘုန်းကြီးကျောင်းထဲ တစ်လုံးကျတယ်။ အကုန်လုံးကို အချိန်မီဆေးရုံပို့နိုင်ပေမယ့် ရွာသားတစ်ဦးက ဗိုက်ထဲလက်နက်ကြီး အစဝင်ပြီး လမ်းမှာတင် သေသွားလို့ ရွာပြန်ခေါ်လာကြတယ်”ဟု ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအုပ်စု၊ တောင်သုံးလုံးရွာ ဘုန်းကြီးကျောင်းထိုင် ဆရာတော်ကို ဒေသအခြေပြုလူမှုကူညီရေးကားဖြင့် ယမန်နေ့ညနေ ၄ နာရီ ၃၀ မိနစ်က ထားဝယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးနေပြီး ယမန်နေ့က လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် ရွာသားကို ရိုးရာဓလေ့တိုင်း မီးရှို့သဂြိုလ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီအနေနှင့် ဘုန်းကြီးကျောင်းမီးရှို့မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: