fbpx

မိုးဗြဲအင်း အရှေ့ဖက် ထီရိ အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ စစ်ကောင်စီဘက် ၆ ဦးကျပြီး 

ထီရိ အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်း ဗိုလ်မှူးတစ်ဦးအပါ ၅ဦးကို အရှင်ဖမ်းမိသည့် မှတ်တမ်းပုံ
By MPA
ယနေ့ မေလ ၁၂ ရက် နံနက်အစောပိုင်းတွင် ရှမ်း၊ ကယား နယ်စပ်၊ မိုးဗြဲအင်း အရှေ့ဘက်ကမ်းရှိ ထီရိကျေးရွာ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းကို KNDF B-03 နှင့်ကရင်နီ ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆ ဦးကျပြီး ဗိုလ်မှူးအဆင့်ရှိ တစ်ဦးအပါ ၅ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက MPA သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
“အတည်ဖြစ်ပါတယ်။ ကျွန်တော်တို့ KNDF တပ်ရင်းသုံးနဲ့ ဖယ်ခုံမြို့နယ်အခြေစိုက် PDF အချို့နဲ့ ထီရိစခန်းကိုသိမ်းတယ်။ ခြောက်ယောက်ကျတယ်ဆိုတာ အတည်ဖြစ်တယ်။ လက်နက်ကတော့ ၁၀ လက်ထက်မနည်း အကြီးအငယ် ကျည်ဆန် ပေါင်းများစွာ သိမ်းဆည်းရမိတယ်”ဟု KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက MPA သတင်းဌာနသို့ ပြောသည်။
တိုက်ခိုက်မှုအပြီး ထီရိကျေးရွာမြောက်ဘက် ၂မိုင်ခန့်အကွာရှိ နမ့်ပွန်ကျေးရွာဂိတ်စခန်းတစ်ခုတွင် ပအိုဝ့်ပြည်သူ့စစ် PNO တပ်ဖွဲများ အင်အားဖြည့်တင်းလျက်ရှိသည်။
“အရှင်ဖမ်းမိတဲ့ဟာလည်း ခြောက်ယောက်လောက်ရှိတယ်။ သုံ့ပန်းတွေကို KNDF ရဲ့လုပ်ထုံးလုပ်နည်းနဲ့ စနစ်တကျဆက်လက်ဆောင်ရွက်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြတယ်။ မကြာခင်မှာလည်း အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ ထုတ်ဖော်သွားဖို့ရှိပါတယ်”ဟု KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။
ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်သည် ဖြတ်သန်းသွားသမျှ ခရီးသွားကားများနှင့် ကုန်တင်ကားများထံမှငွေကြေးကောက်ခံမှုများ ရှိသည့်အပြင် အစစ်အဆေးကြပ်မတ်သည့် ဂိတ်တစ်ခုဖြစ်သောကြောင့် ကားအများစုက ရှောင်ကွင်းသွားလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: