fbpx

စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံး

By MPA
မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ ကေအန်ယူ တပ်မဟာ (၁)ထိန်းချုပ်နယ်မြေဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၁၁ ရက် နေ့လည်ပိုင်း၌ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ရော်ဘာခြစ်နေသည့် ပြည်သူနှစ်ဦး ထိမှန် သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။
သထုံမြို့နယ်အတွင်းရှိ ထုံးဘိုလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လည်ပိုင်းတွင် ဝီယော်စခန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ရော်ဘာခြံထဲတွင် ရော်ဘာခြစ်နေသည့်ပြည်သူနှစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။
“သူတို့က ၁၂၀ မမ နဲ့ပစ်တယ်ဆိုတော့ အဲဒီရော်ဘာခြံထဲကလူတစ်ချို့လည်း ထိခိုက်သွားသေးတယ်။ အရင်ကဆို ညဘက်တွေမှာပဲ လက်နက်ကြီးတွေပစ်တာ။ အခုက မနက်ပိုင်းပစ်တော့လူတွေထိတာပေါ့။ လက်နက်ကြီးပစ်တာကတော့နေ့တိုင်းလိုလိုပါပဲ ” ဟု ဝီယော်ဒေသခံတစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီများသည် တပ်မဟာ (၁) တပ်ရင်း (၂)ဖက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်သည့်အပြင် ညဘက်တွင်လည်း တိုက်လေယာဉ်ဖြင့် လာရောက်ဝဲပျံကြောင်းလည်းသိရသည်။
“အခုလက်နက်ကြီးတွေနဲ့ပစ်တာက ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့လို့ပစ်တာမဟုတ်ဘူး။ ကျွန်တော်တို့တပ်မဟာ(၁) တပ်ရင်း(၂) ဖက်ကို အဓိကထားပြီး ခမရ(၉)ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်နေတာ။ မကြာခင်တိုက်ပွဲဖြစ်မဲ့အခြေနေရှိတယ် ” ဟု တပ်မဟာ(၁) ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦ:ကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၁ ရက်နေ့တွင်လည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂လုံး နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ပျက်ဆီးသွားကြောင်းသိရသည်။
အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက် မြို့နယ် နှင့် ကျေးရွာတိုင်းလိုလို တိုက်ပွဲများဖြစ်ပွားနေပြီး မွန်ပြည်နယ်၊ သထုံမြို့နယ် အတွင်းရှိ ရွာ ၇ ရွာတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများမှာလည်း ၇,၀၀၀ထောင်ကျော်ခန့်ရှိနေပြီ ဖြစ်သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: