


By MPA 001
တနင်္သာရီတိုင်းဒေသကြီးရှိ ပုလောမြို့နယ်က အကြမ်းဖက်စစ်ကောင်စီခန့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရာထူးမှ နုတ်ထွက်ပြီး ပြည်သူ့ဘက်ရပ်တည်ရန် ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PRDF) က သတိပေးထုတ်ပြန်ခဲ့သည်။
သတိပေးထုတ်ပြန်ချက်ကို ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန် သတိပေးခဲ့ခြင်း ဖြစ်သည်။
“အဓိကကတော့ သူတို့ကို မသတ်ချင်ဘူး။ ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်တည်ပြီး လူကြီးလူကောင်းတွေ ဖြစ်စေချင်တယ်။ အရင်ကဘာလုပ်ခဲ့လုပ်ခဲ့ အမှားကို သိပြီးအမှန်ပြင်ခွင့်ပေးတာပါ”ဟု PRDF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
ထို့ကြောင့် ပုလောမြို့နယ်က အကြမ်းဖက်စစ်ကောင်စီခန့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို သတိပေးထုတ်ပြန်ချက် ထုတ်ပြန်သည့်ရက်မှစတင်ပြီး မေလ ၁၇ ရက်နေ့အထိ အချိန်ပေးသွားမည်ဖြစ်ပြီး အမြန်ဆုံးရာထူးမှ နုတ်ထွက်ရန် အသိပေးခဲ့ခြင်း ဖြစ်သည်။
ယင်းထုတ်ပြန်ချက်အတိုင်း လိုက်နာဆောင်ရွက်မှု မရှိလျှင် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ ပုလော ပြည်သူ့ ကာကွယ်ရေးတပ် (ပကတ)၊ ပုလောဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) တို့က ၎င်းတို့၏ အသက်အန္တရာယ်ကို တာဝန်ယူမည် မဟုတ်ကြောင်း PRDF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ရှင်းပြသည်။
“အာဏာရှင်စနစ်ပြုတ်ကျဖို့အတွက် စစ်အုပ်ချုပ်ရေးယန္တရားလည်ပတ်စေသူ မှန်သမျှကို ကျွန်တော်တို့တွေ ဖြုတ်ချ တိုက်ခိုက်သွားမှာပါ”ဟု PRDF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီခန့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင်း ၃၂ ဦးရှိကြောင်း စုံစမ်းသိရှိရသည်။