fbpx

ဘားအံရှိ ကျောင်းသားမိဘတချို့က သားသမီးများကို ဖိအားပေးကျောင်း တက်ခိုင်း

By MPA
ယနေ့ မေလ ၁၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းရှိ တက္ကသိုလ်ကျောင်းများ ပြန်လည်စတင်ဖွင့်လှစ်နေချိန်တွင် ကျောင်းသား မိဘတချို့က ၎င်းတို့၏ သားသမီးများအား ကျောင်းများပြန်လည်တက်ရောက်ရန် အတင်းအကျပ်ဖိအားပေး စေခိုင်းမှုများရှိကြောင်း မြဝတီမြို့ရှိ ကျောင်းသူကျောင်သားတချို့က ပြောသည်။
ဘားအံမြို့အတွင်းရှိ တက္ကသိုလ်ကျောင်းများ ယနေ့စတင်ဖွင့်လှစ်နေပြီးနောက် ကျောင်းတက်ရောက်သည့် လူဦးရေ အနည်းငယ် သာရှိပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ဖွင့်လှစ်သည့် ကျောင်းများတွင် ကျောင်းမတက်ချင်သည့် ကျောင်းသား ကျောင်းသူ အချို့ကိုလည်း ၎င်းတို့၏ မိဘများက အတင်းအကျပ် ကျောင်းတက်ရန် ဖိအားပေးမှုများရှိနေသည်။
“သမီးသူငယ်ချင်းတွေက ကျောင်းပြန်တက်ကြတယ်။ သမီးကတော့ ကျောင်းမတက်ချင်ဘူး။ အိမ်ကလည်းပြောတယ်။ နင် ကျောင်းမတက်ရင် အိမ်ပေါ်ကနေဆင်းတဲ့။ အရေးမပါတာတွေလုပ်တာ ရပ်သင့်ပြီးတဲ့”ဟု မြဝတီမြို့ရှိ ပထဝီမေဂျာ ကျောင်းသူတစ်ဦးက MPA သတင်းဌာနသို့ ပြောသည်။
ယနေ့ ဘားအံရှိ တက္ကသိုလ်များဖွင့်လှစ်ချိန်တွင် တက်ရောက်သည့် ပထမနှစ် ကျောင်းသားကျောင်းသူ ခန့်မှန်းခြေ ၁၀၀ နီးပါးရှိပြီး ဒုတိယနှစ်မှ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ အနည်းငယ်သာရှိကြောင်း စုံစမ်းသိရှိရသည်။
ဂုဏ်ထူးတန်းမှ ကျောင်းသားကျောင်းသူ အချို့ကလည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက် ဖွင့်လှစ်ထားသည့်ကျောင်းတွင် တက်ရောက်ရန် အလိုမရှိ ဖြစ်နေကြသည်။
“ကျောင်းတော့မတက်ဘူး။ အမေစု ပြန်လာမှကျောင်းတက်မယ်။ ဘွဲ့မရလည်းနေပါစေ။ စစ်ခွေးတွေရဲ့ ဘောမတွေ ဖွင့်တဲ့ ကျောင်းကို ဘယ်တော့မှမတက်ဘူး။ တက်တဲ့သူတွေကိုလည်း ပြောချင်တယ်။ ကိုယ့်လိပ်ပြာကိုယ်လုံကြပါစေ”ဟု ရုက္ခဗေဒ ပထမတန်း ဂုဏ်ထူးတန်း ကျောင်းသူတစ်ဦးက ပြောသည်။
ဘားအံမြို့ရှိ တက္ကသိုလ်ကျောင်းများ ပြန်လှန်ဖွင့်လှစ်မှုအပေါ် ကျောင်းသားသမဂ္ဂဟောင်းများကလည်း အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းကာလအတွင်း ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းပြန်လည် မတက်ရောက်စေလိုကြောင်း၊ အသက်ပေး လိုက်ရသည့် ပြည်သူများနှင့် တောထဲသို့ ရောက်ရှိနေသော ပြည်သူများကို အားနာသင့်ကြောင်းနှင့် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများအား လူတကာ၏ ရှောင်ပယ်ခြင်းခံရအောင် မလုပ်သင့်ကြောင်းကိုလည်း အကြံပြုအသိပေးထားသည်။
#တက္ကသိုလ်ကျောင်း #ဘားအံ #ကျောင်းသားကျောင်းသူ #ကျောင်းသားမိဘ #MPA
 

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: