fbpx

မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား ဒဏ်ခတ်ပိတ်ဆို့ရန် အမေရိကန်အစိုးရကို အွန်လိုင်းပေါ်မှ တောင်းဆိုဆန္ဒထုတ်ဖော်ရန် OCTOPUS လှုံ့ဆော်

                                                                                  Photo – OCTOPUS
By MPA 001
မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား ဒဏ်ခတ်ပိတ်ဆို့ရန် အမေရိကန်အစိုးရကို Onlineပေါ်မှ တောင်းဆို ဆန္ဒထုတ်ဖော်မှု မေ ၁၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဟု ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း (OCTOPUS) မှ လှုံ့ဆော် တိုက်တွန်းခဲ့သည်။
“ရေနံကရတဲ့ သွေးစွန်းငွေတွေနဲ့ ပြည်သူရဲ့အိမ်တွေပေါ် ဗုံးမိုးကြဲချနေတယ်၊ ပြည်သူ့တော်လှန်ရေးတပ်သားတွေကို လက်နက်ကြီးတွေပစ်ခတ်နေတယ်၊ သွေးစွန်းငွေတွေ စီးဝင်နေမှုတွေ ရပ်တန့်ရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်းဖြင့် တော်လှန်မှုကို ပြသကြပါ”ဟု ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း (OCTOPUS) မှ ပြည်သူများကို တောင်းဆိုထားသည်။
ဥရောပအခြေစိုက် ရေနံကုမ္ပဏီများဆီမှ ဒေါ်လာသန်းရာနဲ့ချီသော ဝင်ငွေများသည် အကြမ်းဖက်စစ်ကောင်ထံ စီးဝင်သွားရန် ရှိနေကြောင်းနှင့် အဆိုပါငွေများသည် ကျည်ဆန်ပေါင်းများစွာ၊ လေယာဉ်ပေါင်းများစွာ၊ အမြောက်ဆံပေါင်းများစွာ ဝယ်ယူနိုင်ရန် အထောက်အပံ့သဖွယ်ဖြစ်လာနိုင်ကြောင်း ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း (OCTOPUS) မှ ထောက်ပြသည်။
မေလ ၇ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း အကြမ်းဖက် စစ်ကောင်စီထံ ဒေါ်လာငွများမရရှိနိုင်ရေးအတွက် သမ္မတ ဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရအား မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE )ကို အချိန်မီ ဒဏ်ခတ်ပိတ်ဆို့ပေးရန် တောင်းဆိုသည့်လှုပ်ရှားမှုကို စတင်ရခြင်းဖြစ်သည်ဟု ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း (OCTOPUS) မှ ရှင်းလင်းပြောဆိုသည်။
“ကျွန်တော်တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ ရဲဘော်များကလည်း တက်ကြွစွာ ပါဝင်နေပါတယ်။ ပြည်သူလူထု တရပ်လုံး တက်ကြွစွာပါဝင်ပေးဖို့ကိုလည်း အလေးအနက် တိုက်တွန်းလိုက်ရပါတယ်”ဟု ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း (OCTOPUS) မှ တိုက်တွန်းသည်။
အထက်ပါလှုပ်ရှားမှုကို အွန်လိုင်းပေါ်မှတစ်ဆင့် ပြုလုပ်ခြင်းဖြစ်ပြီး မေလ ၇ရက်နေ့မှ ၁၄ ရက်နေ့အထိ တစ်ပတ်တိတိ ၇ ရက်တာ ပြုလုပ်နေခြင်းဖြစ်ပြီး ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းနှင့် OCTOPUS လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လည်း တရားဝင်ကြေညာထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: