fbpx

MEDC’SU ဥက္ကဌဖြစ်သူ ကိုအောင်မျိုးကိုအပါဝင် မန္တလေးပညာရေးကောလိပ်မှ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူ (၆)ဦး အထိရှိနေ

By MPA
MEDC’SU ဥက္ကဌဖြစ်သူ ကိုအောင်မျိုးကိုအပါဝင် မန္တလေးပညာရေးကောလိပ်မှ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူ (၆)ဦး အထိ ရှိနေကြောင်းကို ဗကသများအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌဖြစ်သူ ကိုအောင်မျိုးကိုအပါဝင်၊အထွေထွေ အတွင်းရေးမှူး မသီရိရတနာ၊ဒုတိယနှစ်ကျောင်းသားမောင်မျိုးကျော်၊ပထမနှစ်ကျောင်းသူ မပန်းအိဖြူ နှင့် DTEd အပတ်စဥ် (၂၂/၁၇)မှ ကိုကျော်ဇင်လတ်တို့(၅)ဦးသည်လည်း အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကြောင်း ဗကသများ အဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေး မှထုတ်ပြန်ထားသည်။​
ယနေ့ မေလ(၁၂)ရက်နေ့သည် ကျွန်ုပ်တို့ မန္တလေးပညာရေးဒီဂရီကောလိပ်မှကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်နိုင်သူကို အိုးဘိုအကျဥ်းထောင်တွင်ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း တနှစ်တင်းတင်းပြည့်မြောက်သည့်နေ့ဖြစ်သည်။
ကျောင်းသားထုအခွင့်ရေးနှင့်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အစဥ်အမြဲ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုအောင်နိုင်သူဟာ ၂၀၂၁၊မေလ၁၂ရက်နေ့ က မန္တလေးမြို့ဆန္ဒပြသပိတ်ဖြိုခွဲခံရပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
“​ ယခုအချိန်မှာ စစ်ကောင်စီအလိုကျ ကျောင်းတွေပြန်ဖွင့်နေတဲ့အချိန် ကျောင်းပြန်တက်မယ်ဆိုတဲ့ ကျောင်းသားတွေ၊ကျောင်းတက်နေကြတဲ့သူတွေအနေနဲ့ ပြန်စဥ်းစားဖို့ပါပဲ။ ကိုယ်က စစ်အုပ်စုကဖွင့်တဲ့ကျောင်းတက်နေတဲ့အချိန်မှာ စစ်အုပ်စုက ဖမ်းဆီး နှိပ်စက်ခံရပြီး အကျဥ်းထောင်မှာရောက်နေတဲ့ကိုယ့်သူငယ်ချင်းတွေရဲ့မျက်နှာတွေကို ပြန်ကြည့်ကြဖို့​လိုပါတယ်။ ပြီးတော့ ကျနော်တို့ တိုင်းပြည်တခုလုံးက အကြမ်းဖက်စစ်တပ်ရဲ့စစ်အာပ်ချုပ်မှုရဲ့ဖိနှိပ်မှုတွေကြောင့် ဒုက္ခဆင်းရဲမျိုးစုံ အလူးအလဲ ခံစားနေရတာကို ငဲ့ကြည့်ပြီး စစ်ကောင်စီနဲ့အလိုကျ ဖွင့်တဲ့ကျောင်းတွေမတက်ကြပဲ CDMလုပ်ကြဖို့နဲ့ စစ်ကျွန် ပညာရေးကို ဆက်ပြီး သပိတ်မှောက်ကြဖို့ပဲ ပြောချင်ပါတယ်။ “​ ဟု မန္တလေးပညာရေးကောလိပ်သမဂ္ဂကျောင်းသားအဖွဲ့ဝင်ဟောင်းတဦးဖြစ်သည့် ကိုညီညီဇင်ကဆိုသည်။
ဖမ်းဆီးခံကျောင်းသားကျောင်းသူများအနက်မှကိုအောင်နိုင်သူနှင့် မပန်းအိဖြူတို့နှစ်ဦးကို ၅၀၅က ဖြင့် တရားစွဲဆိုထားပြီး ၂၀၂၂ မတ်လ ၂ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့်ကိုအောင်မျိုးကို၊မသီရိရတနာနှင့်ကိုကျော်ဇင်လတ်တို့သုံးဦးကို ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံရနိုင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂က၊၅၀ည တို့ဖြင့် အကြမ်းဖက်စစ်အုပ်စုမှ မတရားပုဒ်မတပ်ကာ တရားစွဲဆိုထားပြီး မန္တလေးအိုးဘိုအကျဥ်းထောင်တွင်ထိန်းသိမ်းခံထားခြင်းလည်းဖြစ်သည်။
၂၀၂၁ ဒီဇင်ဘာ(၂)ရက်နေ့က မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ်၊နွယ်နီစံပြကျေးရွာတွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် မန္တလေး ပညာရေး ဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသား မောင်မျိုးကျော်ကိုမူ ယနေ့အချိန်ထိ တိကျသော အဆက်သွယ် တစုံတရာ မရရှိသေးပေ။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: