fbpx

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီးတို့တွေ့ဆုံ၊ ဒီမိုကရေစီလမ်းစဉ် ပြန်လည်တည်ဆောက်ရေးနှင့် ငြိမ်းချမ်းစွာ လုပ်ဆောင်နေသူအားလုံးကို ဆက်လက်ပံ့ပိုးမည်ဟု အမေရိကန် ကတိပြု

                                                                      Photo – Anti Dictatorship in Burma
By MPA
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီး ရှားမန်းတို့သည် ယမန်နေ့ မေလ ၁၂ ရက်နေ့က မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး ဆွေးနွေးမှုတွင် အမေရိကန် ပြည်ထောင်စုဘက်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းစဉ် ပြန်လည်တည်ဆောက်ရေးနှင့် ငြိမ်းချမ်းစွာ လုပ်ဆောင်နေသူ အားလုံးကို ဆက်လက်ပံ့ပိုးသွားမည်ဟု ကတိပြုခဲ့သည်။
လက်ရှိတွင် မေလ ၁၂ နေ့မှ ၁၃ ရက်ထိ နှစ်ရက်ကြာကျင်းပပြုလုပ်နေသည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာအကြမ်းဖက် စစ်ကောင်စီဘက်ကို အမေရိကန်ပြည်ထောင်စုဘက်က ဖိတ်ကြားမှု မပြုလုပ်ခဲ့ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် သူကိုသာ ဖိတ်ကြားထားခြင်းဖြစ်သည်။
သို့သော် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေသည့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီး ဝမ်ဒီရှားမန်းက တွေ့ဆုံမှု ပြုလုပ်ခဲ့သလို NUG နိုင်ငံခြားရေးဝန်ကြီးအတွက် သီးသန့် လုံခြုံရေးများ ပြင်ဆင် ပြုလုပ် ပေးခဲ့သည်။
ဆွေးနွေးမှု၏ ရလဒ်သည် NUG အစိုးရအတွက် အထောက်အပံ့များစွာဖြစ်စေသလို မြန်မာအကြမ်းဖက် စစ်ကောင်စီ၏ ပြည်သူ အပေါ် ရက်စက်ကြမ်းတမ်းသည့် အပြုအမူများကို အမေရိကန်ပြည်ထောင်စုဘက်က လက်ခံမှုမရှိဘဲ မြန်မာပြည်သူများအတွက် အခိုင်အမာ ထောက်ပံ့ကူညီပေးသွားရန် ကတိပြုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် လူအခွင့်အရေးကို ဆန့်ကျင်သည့်အပြုအမူများအတွက်လည်း ပြစ်တင်ရှုံ့ချခဲ့သည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်အစိုးရ၏ ဧည့်ခံမှုသည် နွေးထွေးမှုရှိခဲ့သလို နိုင်ငံ့ခေါင်းဆောင်တစ်ဦး ရထိုက်သည့် လုံခြုံရေးတာဝန်ယူမှုများနှင့်လည်း ဧည့်ခံခဲ့သည်မှာ ထူးခြားမှု တစ်ခုအဖြစ် ရှိခဲ့သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: