fbpx

သြစတြေးလျသို့ သူလျှိုသင်္ဘောတစင်း တရုတ်စေလွှတ်ခဲ့

                                                                                             Photo -wdex
By MPA
တရုတ်သူလျှိုသင်္ဘောတစင်းသည် သြစတြေးလျအနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင် ထောက်လှမ်း စုဆောင်းရေး မစ်ရှင်တစ်ခုကို ပြုလုပ်ရန် ရောက်ရှိခဲ့သည်ဆိုသည့် သြစတြေးလျကာကွယ်ရေးဝန်ကြီး၏ ပြောကြားမှုကို တရုတ်နိုင်ငံဘက်က ဟုတ်မှန်ကြောင်း တုံ့ပြန်အသိပေးခဲ့သည်။
သြစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာဒက်တန်က ယင်း တရုတ် သူလျှိုသင်္ဘောသည် ပြီးခဲ့သည့် သီတင်းပတ်က ကမ်းရိုးတန်း တစ်လျှောက် ခြေရာခံခဲ့ပြီး သောကြာနေ့နံနက်ပိုင်းတွင် သြစတြေးလျနိုင်ငံ အနောက်ဘက်ရှိ ဘရွန်မီမှ ရေမိုင် ၂၅၀ ခန့်အကွာ မြောက်ဘက်သို့ ဦးတည်သွားခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်းက “တိကျတဲ့ အခြေအနေ၊ အချက်အလက်ကိုတော့ မသိရှိသေးပေမယ့် တရုတ်နိုင်ငံဟာ နိုင်ငံတကာ ဥပဒေနဲ့ နိုင်ငံတကာ ကျင့်ထုံးများကို အမြဲတမ်း လိုက်နာတယ်”ဟု အသိပေးခဲ့သည်။
ထို့ကြောင့် သြစတြေးလျနိုင်ငံရေးသမားများအနေနှင့် အခြေအနေကို စနစ်တကျ၊ အေးဆေးစွာ ကြည့်မြင်သင့်ကြောင်း ပြောကြားခဲ့ပြီး အုတ်အော်သောင်းတင်းဖြစ်စေသည့် မှတ်ချက်များ မချသင့်ကြောင်း အကြံပြုခဲ့သည်။သို့သော် သြစတြးလျနိုင်ငံဘက်က တရုတ်၏ ယင်းအပြုအမူကို နှစ်သက်ခြင်းမရှိဘဲ စိုးရိမ်ရသည့် အခြေအနေတစ်ခုအဖြစ် သတ်မှတ်ထားသည်။
တရုတ်နိုင်ငံ၏ ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့က ချုပ်ဆိုခဲ့သည့် ဆော်လမွန်ကျွန်းစုများနှင့် လုံခြုံရေးသဘောတူချက် စာချုပ်အရ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်စသည့် မဟာမိတ်များအကြား တရုတ်၏ သြဇာလွှမ်းမိုးမှုအတွက် စိုးရိမ်ပူပန်မှု ဖြစ်ခဲ့ရသည်။
ထိုကြောင့် သြစတြေးလျနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခဲ့ကြောင်း သတင်းများက ဆိုသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: