


By MPA
အကြမ်းဖက်စစ်တပ်က ရခိုင်မြောက်ပိုင်းသို့ လက်နက်ရိက္ခာနှင့် စစ်သည်များ နေ့စဉ်ရက်ဆက် ဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။
“ဒီနေ့လည်း မနက်အစောကြီးကတည်းက လက်နက်ရိက္ခာတွေ၊ စစ်သားတွေကို စစ်ကားကြီးတွေနဲ့ ဆက်တိုင်းပို့နေပါတယ်”ဟု စစ်တွေမြို့နယ်၊ ရွှေမင်းဂံရှိဒေသခံတစ်ဦးက MPA သတင်းဌာနသို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ သုံးရက်ဆက်တိုက် ရေတပ် ဇက်ဖြင့် လက်နက် ခဲယမ်း အပြည့် တင်ဆောင်လာပြီး ဘူးသီးတောင်မြို့နယ်၊ ဒပြုချောင်းရှိ စကခ (၁၅)နှင့် လက်ဝဲဒက်ရှိ စစ်ဗျူဟာ၊ ခလရ ၂၃၃၊ ခလရ ၂၃၄ သို့ ပို့ဆောင်ခဲ့ကြောင်း စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။
“မနေ့က ညနေဘက် စစ်တွေဘက်ကနေ ဇက်နှစ်စီးနဲ့ စစ်သားတွေအပြည့် ထပ်ရောက် လာပါတယ်။ လက်နက် ရိက္ခာတွေရော ပါပါတယ်။ စစ်တပ်ဘက်က အင်းအားထပ်တိုးချလာတာပေါ့”ဟု မင်းပြားမြို့ပေါ်ရှိ ဒေသခံတစ်ဦးက MPA သတင်းဌာနသို့ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက်စစ်တပ်တို့ကြား ဧပြီလဆန်းမှစတင်၍ စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ယမန်နေ့ကအထိ နှစ်ဘက်ထိပ်တိုက် တွေ့ဆုံတိုက်ပွဲများဖြစ်ရန် အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။
“စစ်တပ်ဘက်က အရင်နဲ့စာရင် အင်အားဖြည့်ပြီး ရွာတွေကိုဝင်စစ်တာ၊ ညအိပ်တာ၊ လှည့်လည်သွားလာနေတာတွေ ဆက်တိုက် ပြုလုပ် လာနေပါတယ်။ အေအေဘက်ကလည်း စောင့်ကြည့် အဆင့်သင့် လုပ်ထားတာတွေ တွေ့နေရပါတယ်။ တချို့နေရာတွေမှာ အေအေဘက်က ပြန်ပြီးနောက်ဆုတ်သွားလို့ တိုက်ပွဲတွေမဖြစ်ခဲ့တာပါ”ဟု ရခိုင်ဒေသခံတစ်ဦးက ဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးရန် တစ်နိုင်ငံလုံးကို ဖိတ်ခေါ်ထားသော်လည်း အေအေဘက်က တက်၊ မတက်ကို တရားဝင်ပြောဆိုထားခြင်း မရှိသေးသည့်အပြင် ရခိုင်တွင် စစ်ရေးပြင်ဆင်မှုများကို နှစ်ဘက်စလုံးမှ ပြုလုပ် နေကြကြောင်းလည်း ဒေသခံများက ဆိုသည်။