fbpx

နေတိုးနှင့် ပူးပေါင်းရန် အစီအစဉ်များ အရှိန်မြှင့်လာ၍ ဖင်လန်ကို ရုရှား လျှပ်စစ်ဓာတ်အားပေးနေမှု ရပ်တန့်လိုက်

                                                                                   Photo – Newsaz
By MPA (နိုင်ငံတကာသတင်း)
ရုရှားနိုင်ငံ၏ ယူကရိန်းအပေါ် ကျူးကျော်စစ်ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ ဖင်လန်နိုင်ငံသည် နေတိုးအဖွဲ့ဝင်များနှင့် ပူးပေါင်းမှု အရှိန်မြှင့်လာရာ ရုရှားနိုင်ငံက ဖင်လန်နိုင်ငံကို ပေးနေသည့် လျှပ်စစ်ဓာတ်အားပေးမှု အစီအစဉ်ကို ယမန်နေ့က ရပ်တန့်လိုက်သည်။
ဖင်လန်နိုင်ငံ၏ အမျိုးသားဓာတ်အားလိုင်း အော်ပရေတာဖြစ်သည့် Fingrid သည် ရုရှားနိုင်ငံမှ လျှပ်စစ်ဓာတ်အားများ ထပ်မံ ရရှိတော့မည် မဟုတ်ကြောင်း ယနေ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။
သို့သော် ရုရှားနိုင်ငံဘက်က ယခုလို လုပ်ဆောင်ခဲ့သော်လည်း ဆွီဒင်နိုင်ငံမှ လုပ်လောက်သည့် လျှပ်စစ်ဓာတ်အား ပေးစွမ်းနိုင်မည် ဖြစ်၍ ကုမ္ပဏီသည် ကြီးကြီးမားမားထိခိုက်ရန် ပြဿနာများ ရှိလာမည်မဟုတ်ကြောင်း Fingrid ၏ ဒုဥက္ကဋ္ဌ ရိုင်မာပိုင်ဗီနန်က Sky News သတင်းဌာနသို့ ပြောသည်။
ဖင်လန်နိုင်ငံသည် ရုရှားနိုင်ငံမှ လျှပ်စစ်ဓာတ်အားစုစုပေါင်း သုံးစွဲမှုအဖြစ် ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။
ဖင်လန်နိုင်ငံသည် ယခုသီတင်းပတ် အစောပိုင်းတွင် ယူကရိန်းစစ်ပွဲကို တုံ့ပြန်ရန်အတွက် နေတိုးအဖွဲ့သို့ “နှောင့်နှေးမှုမရှိ” ပူးပေါင်းရန် အစီအစဉ်များကို အတည်ပြုခဲ့ပြီး ဆယ်စုနှစ်များစွာ ကြားနေမှုကို အဆုံးသတ်ခဲ့သည်။
သို့သော် ယင်းအစီအစဉ်များကြောင့် အိမ်နီးချင်းဖြစ်သည့် ရုရှားနိုင်ငံနှင့် ဖင်လန်နိုင်ငံအကြား တင်းမာမှုများဖြစ်လာ၍ ယခုလို လျှပ်စစ်ဓာတ်အားပေးရေး ရပ်တန့်မှုအစီအစဉ်များဖြင့် ရုရှားနိုင်ငံဘက်က ကန့်သတ်လာခဲ့ခြင်း ဖြစ်သည်။
နေတိုးအဖွဲ့တွင် ပါဝင်ရန် ဖင်လန်ပြည်သူလူထု၏ ထောက်ခံမှုသည် နှစ်အတော်ကြာ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ပြုခဲ့ပြီးနောက် ၇၆ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့သည်ဟု စစ်တမ်းများက ဖော်ပြသည်။
နေတိုးအဖွဲ့ဝင်ဖြစ်လာရန် ဖင်လန်နိုင်ငံ၏ ကြိုးပမ်းမှုသည် ရုရှားနိုင်ငံအတွက် မနှစ်မြို့စရာ အခြေအနေတစ်ရပ်ဖြစ်ပြီး ရုရှားနိုင်ငံကို သီးခြားနိုင်ငံတစ်ခုအဖြစ် ဖြစ်လာအောင် တွန်းပို့နေခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ရုရှားနိုင်ငံသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရပြီး စီးပွားရေး ကျပ်တည်းမှုနှင့်ပါ ရင်ဆိုင်နေရသည်။
အစောပိုင်းတွင် ရုရှားသမ္မတပူတင်က ဥရောပနိုင်ငံများသို့ ရူဘယ်ငွေနှင့် ငွေမပေးချေပါက ဓာတ်ငွေ့နှင့် ရေနံထောက်ပံ့မှုများကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။
သို့သော် ဖင်လန်အစိုးရသည် ရုရှားဓာတ်ငွေ့ထောက်ပံ့မှုအတွက် ရူဘယ်ဖြင့် ပေးချေမည်မဟုတ်ကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: