fbpx

“ ပြည်သူများမှဖြစ်စေ ပြည်သူ့အစိုးရ NUG မှဖြစ်စေသုညကပြန်စရမယ့် ကျနော်တို့ကိုကူညီထောက်ပံ့ပေးကြဖို့ တောင်းဆို ချင်ပါတယ်။”PDF_Kalay တပ်ရင်း ၄ မှ ပြောခွင့်ရ ရဲဘော်မုန်ပီး

By MPA ( အင်တာဗျူး )​
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ကျေးရွာအနီးရှိ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ ၏ စခန်းကို အကြမ်းဖက်စစ်ကောင်စီက မေလ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်များ၊ Mi35 ရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်မှ အင်အား ဖြင့်လည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လက်နက်အင်အား မမျှသဖြင့် PDF များ ဆုတ်ခွာခဲ့ရသည်နှင့် ပတ်သက်ပြီး PDF_Kalay တပ်ရင်း ၄ မှ ပြောခွင့်ရ ရဲဘော်မုန်ပီးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ဒီကနေ့ ဖြစ်ခဲ့တဲ့အကြောင်းကို အသေးစိတ်ပြောပြပေးပါဦး။
ဖြေ။ ။ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကလေးခရိုင် ၊အမှတ် (၄) တပ်ရင်း ၏ ခြေကုပ်စခန်းသည် ယနေ့ ၁၄ မေလ ၊နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ် ( Fighter Jet ) ၃ စင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း ၊ MI 35 ရဟတ်ယာဥ်နှစ်စင်းဖြင့် နာရီ၀က်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခြင်း ၊ Drone များသုံး၍ အီနာဂါဗုံးသီးများဖြင့်တိုက်ခိုက်ခြင်း၊ ​ခြေလျင်တပ်မှ အင်အား ၂၀၀ ခန့်ဖြင့်ထိုးစစ်ဆင်ခြင်းများကို ခံခဲ့ရပါတယ်။
ရန်သူစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများအပြီးတွင် ခလရ (၈၉) မှ ဗိုလ်ကြီးရာဇာမျိုး၊ အခပ ဗိုလ်မှူးသန်းနိူင် ၊ ခလရ (၂၆၈) မှ ဗိုလ်ကြီးဇွဲသူထွန်းတို့ ဦးဆောင်သော အင်အား ၂၀၀ ခန့်ရှိ ရန်သူစစ်ကောင်စီခြေလျင်တပ်အား ကျွန်ုပ်တို့ရဲဘော်များမှ ခုခံတိုက်ခိုက်ခဲ့ကြရာ ရန်သူ့ဖက်အသေအဆုံးရှိမည်ဟု ခန့်မှန်းရပြီး လက်နက်အင်အားကွာဟလွန်းသည့်အပြင် ကျည်အင် အား မလုံလောက်မှုကြောင့် စခန်းမှဆုတ်ခွာပေးခဲ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် ရဲဘော်တချို့ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ကျွန်ုပ်တို့ဖက်မှအကျအဆုံးမရှိခဲ့ပါ။
ရန်သူစစ်ကောင်စီတပ်သည် ကျွန်ုပ်တို့၏ ခြေကုပ်စခန်းများအတွင်းသို့၀င်ရောက်ပြီး စခန်းနှင့်စခန်းတွင်းရှိပစ္စည်းများကို မီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။
ယခုကလေးတောင်ပိုင်းဒေသကို အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများဖြတ်တောက်ထားသည်မှာ သုံးလခန့်ကြာပြီဖြစ်ပြီး သတင်းအချက်အလက်စီးဆင်းမှုလည်း အင်မတန်ခက်ခဲနေပါတယ်။
မေး။ ။ ခုလိုတွေဖြစ်တော့တပ်ရင်း(၄)အနေနဲ့ ဘာတွေဆုံးရှုံးသွားလဲ။
ဖြေ။ ။ ကာလတန်ကြေး သိန်း ၅၀၀ခန့်တန်ဘိုးရှိ မိုးတွင်းအတွက် စုဆောင်းရိက္ခာများ ၊ ချပ်၀တ်တန်ဆာပစ္စည်းများ ၊ ထုတ်လုပ်ရေး သုံးပစ္စည်းများ ၊ အသုံးအဆောင်ပစ္စည်းများနှင့် အခြားပစ္စည်းများဆုံးရှုံးခဲ့ရပါတယ်။​
မေး။ ။ ရှေ့ဆက်ရပ်တည်ဖို့ ဘယ်လိုတွေလုပ်သွားဖို့ရှိသလဲ။
ဖြေ။ ။ အကုန်ပါသွားတဲ့အတွက် ကျနော်တို့ သုညကနေပြန်စရပါမယ်။ ပြည်သူ့အားကိုဘဲယူရမှာပါ။ ဒါပေမယ့် ကျနော်တို့ ကလေး တောင်ပိုင်း ဒေသဟာ ကျနော်တို့ကိုမထောက်ပံ့နိူင်အောင် ရွာစဥ်လိုက်မီးရှိူ့ဖျက်ဆီးထားပြီး ဒီရက်ပိုင်းအတွင်းကို အရှေ့စည်း ၊ ရှားဖိုတင်သား ၊ ရေရှင်ကျေးရွာများမှနေအိမ် ၁၅၀၀ ခန့်မီးထဲပါသွားလို့ဒေသခံပြည်သူတွေဟာ ဘားမှမရှိတော့တဲ့ စစ်ဘေးရှောင်တွေ ဖြစ်သွားပါပြီ။ ဒါကြောင့် တခြားနေရာဒေသအသီးသီးက ပြည်သူတွေရဲ့အားကိုပဲ ယူရတော့မှာပါ။
မေး။ ။တခြားပြောချင်တာဘာရှိမလဲ။
ဖြေ။ ။ ပြည်သူများမှဖြစ်စေပြည်သူ့အစိုးရ NUG မှဖြစ်စေသုညကပြန်စရမယ့် ကျနော်တို့ကိုကူညီထောက်ပံ့ပေးကြဖို့ တောင်းဆို ချင်ပါတယ်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: