fbpx

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ရန် မလေးရှားနိုင်ငံအသင့်ရှိ

By MPA
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာတို့ ယနေ့ မေလ ၁၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ၌ တွေ့ဆုံပြီး မြန်မာ့အရေး အတွက် ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများနှင့် မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာမှုဆိုင်ရာ အကူအညီများ၊ (NUG) အစိုးရရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို အဓိဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ပေးရန် မလေးရှားနိုင်ငံဘက်က အသင့်ရှိနေကြောင်းကို (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။
(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရာက်နေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံမှုပြုလုပ်ရန် ကျန်ရှိနေသေးကြောင်းလည်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ အမေရိကန်ခရီးစဉ်သည် (NUG) အစိုးရအတွက် များစွာ အကျိုးဖြစ်ထွန်းစေပြီး သံရေးတမန်ရေးကိစ္စရပ်များအတွက် များစွာ အထောက်အကူဖြစ်စေခဲ့သည်။
လက်ရှိတွင် အမေရိကန် နိုင်ငံခြားရေးဒုတိယဝန်ကြီး ဝင်ဒီရှားမန်း၊ သမ္မတဂျိုးဘိုင်ဒင်၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနှင့် အာဆီယံဝန်ကြီးအချို့နှင့်ပါ တွေ့ဆုံနိုင်ခဲ့ပြီဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ရန် ဖိတ်ကြားစာပေးပို့ခဲ့သည့်အပေါ် အာဆီယံ ပဋိညာဉ်စာတမ်း အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူပေါင်းဆောင်ရွက်ရေးစာချုပ်၊ ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ အခြေခံမူများကို သွေဖည်နေကြောင်း ထုတ်ပြန်အသိပေးထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: