


By MPA/007
PDFများ၏တိုက်ခိုက်မှုကြောင့် အထိနာမှုများရှိနေသည့် အကြမ်းဖက်စစ်ကောင်စီသည် အင်အား၁၅၀ခန့်ရှိသောစစ်ကြောင်းဖြင့် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအတွင်းရှိ ရွာတိုင်းနီးပါးသို့ဝင်ရောက်ကာ ရွာလုံးကျွတ်မီးရှို့သည့်အတွက် အိမ်ခြေ အတော် များများ မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံရွာသားများထံမှသိရသည်။
“ရွာလုံးကျွတ်နီးပါးမီးရှို့တာ အိမ်ကိုတွေလည်း မီးငြိမ်းလို့မရအောင် ရေတွင်းမှာတပ်ဆင်ထားတဲ့ ရေစုပ်စက်၊ ပန့်တွေကိုပါ ရိုက်ချိုး ဖျက်စီးသွားတယ်။ ရွာတိုင်းနီးပါးဆိုတော့ အိမ်ခြေဘယ်လောက်ပါသွားလဲတော့ အတိအကျမသိရဘူး ” ဟု ရေလယ်ကျွန်းဒေသခံ ရွာသားတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၁၅၀ခန့်ရှိသော စစ်ကြောင်းသည် အမျိုးသမီးပျူစောထီးများပါဝင်ပြီး အချို့ပျူစောထီးများမှာ လက်နက် တပ်ဆင်ထားခြင်းမရှိကြောင်း ယင်းဒေသခံကဆိုသည်။
ဧပြီလအတွင်းတွင် ချောင်းဦးနယ်ဘက်ရှိ ရွာတစ်ရွာ၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာသွားသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်များသည် အင်အားအလုံးအရင်းဖြင့် ပြန်လည်ပြီး နယ်မြေရှင်းလင်းခဲ့ကြောင်းသိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ယင်းစစ်ကြောင်းသည် ချောင်းဦးနယ်မှ တစ်ဆင့် မြောင် ၊ ရေစကြို နယ်ဘက်အထိ ဆက်လက် ထွက်ခွာ သွားပြီး လက်ရှိတွင် ချင်းတွင်းမြစ်ကိုဖြတ်ကာ ရေစကြိုနယ်ဘက် သို့ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသခံ PDF များထံမှ သိရသည်။
Myin Gyan 35 PDFအဖွဲ့သည် ပူးပေါင်းညီနောင် PDFအဖွဲ့များဖြင့် ယင်းစစ်ကြောင်းများကို ပြောက်ကျားစနစ်ဖြင့် လိုက်လံ
တိုက်ခိုက်ရာ စစ်ကောင်စီ၏ စစ်ကြောင်းမှာ အထိနာ၍ သေဆုံးမှုများရှိကြောင်းသိရသည်။
“မေလ ၁၁ရက် မှာတစ်ကြိမ်၊ မေလ၁၄ရက်နေ့မှာ တစ်ကြိမ် ညီနောင်မဟာမိတ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေတော့သေတာပဲ။ ”ဟု Myin Gyan 35 တာဝန်ခံတစ်ဦးကပြောသည်။
တိုက်ပွဲများ ဆက်တိုက် ရင်ဆိုင် နေရသောကြောင့် Myin Gyan 35 အဖွဲ့အနေဖြင့် MOD ၏အထောက်ပံ့နှင့် ပြည်သူလူထု၏ အလှူငွေများ လိုအပ်နေကြောင်း ၄င်းကပြောသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပခုက္ကူ ၊မြင်းခြံ ၊ မြောင်၊ ရေစကြို၊ ယင်းမာပင်၊ဆားလင်းကြီး ဒေသများတွင် ဒေသခံ PDFများနှင့် စစ်ကောင်စီ၏ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
တိုက်ပွဲအရေအတွက်ကို စာရင်းပြုစုထားနိုင်ခြင်းမရှိသော်လည်း NUG အစိုးရ၏ နေ့စဉ်စစ်ရေးသတင်းများတွင် တစ်ရက်လျှင် မြန်မာနိုင်ငံတဝန်းလုံး၌ အနည်းဆုံး ၄ကြိမ် ဝန်းကျင်ခန့် တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။