


By MPA
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံဘက်က ကျူးကျော်တိုက်ခိုက်လာလျှင် အမေရိကန် ပြည်ထောင်စု ဘက်က အင်အားသုံး ခုခံကာကွယ်ပေးမည်ဟု ၎င်း၏ ဂျပန်ခရီးစဉ်တွင် ပြောသည်။
ယနေ့တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အား သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ယင်းကဲ့သို့ အဖြမျိုးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တစ်ကြိမ် ပြောဆိုဖူးပြီး အမေရိကန်ပြည်ထောင်စု၏ ထိုင်ဝမ်နှင့် ပတ်သက်သည့် မူဝါဒသည် ပြောင်းလဲမည်မဟုတ်ဟု အဖြေပေးခဲ့သည်။
ယခုကဲ့သို့ အမေရိကန်သမ္မတ၏ ဖြေဆိုမှုသည် ခရီးစဉ်၏ အဓိက အချက်အချာဖြစ်သည့် Indo-Pacific စီးပွားရေးမူဘောင် စတင် ဆွေးနွေးခြင်းများ အတွက် အာရှနှင့် အမေရိကန် ထိတွေ့ဆက်ဆံမှု ပိုမိုပြီး လွှမ်းမိုးသွားဖွယ် ရှိနေခြင်းလည်းဖြစ်သည်။
၎င်း၏ ခရီးစဉ်တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့်တွေ့ဆုံအပြီး အိန္ဒိယနှင့် သြစတြေးလျခေါင်းဆောင်များနှင့်ပါ တွေ့ဆုံရန် ရှိနေသည်။
ဂျပန်သို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်-ဂျပန် မဟာမိတ်သည် ဒေသတွင်း အားကောင်းစေမည့် အင်အားစုဖြစ်ကြောင်းလည်း အသိပေးခဲ့သည်။