fbpx

ပုလောပြည်သူအချို့ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီး PDF နှင့် ဆက်နွယ်ကြောင်း အတင်းဝန်ခံခိုင်း

Photo – ပုလောမြို့နယ်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ Page
By MPA 001
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပြည်သူအချို့ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီး PDF နှင့် ဆက်နွယ်ကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းနေသည်ဟု ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ပြောသည်။
အပြစ်မဲ့ပြည်သူအချို့ကို မေလ ၁၇ ရက်နေ့ကစတင် ဖမ်းဆီးခဲ့ပြီး ၆ ရက်အတွင်း ပြည်သူ ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“၁၈ ဦး အထိရှိပြီ။ မေလ ၁၇ ရက်နေ့က စဖမ်းတာ။ အမှုဆိုပြီး မယ်မယ်ရရရယ်လို့တော့မရှိဘူး။ အကြောင်းမရှိ အကြောင်းရှာ ဖမ်းတာပေါ့”ဟု ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၏ ခေါင်းဆောင်တစ်ဦးက ရှင်းပြသည်။
ယနေ့ နံနက် ၁၁ နာရီခန့်က ပုလောမြို့မဈေးအတွင်းရှိ ဆိုင်ခန်းခ လိုက်လံကောက်ခံနေသည့် အမျိုးသမီးကြီးတစ်ဦးနှင့် အမျိုးသား သုံးဦးတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်းလည်း စုံစမ်းသိရှိရသည်။
“ဒီနေ့မနက်က ဈေးထဲလာဖမ်းသွားတာ။ ၅၀၅ နဲ့ ဖမ်းတယ်ပြောတယ်။ ဖမ်းခံရတဲ့ထဲက အမျိုးသားနှစ်ဦးရဲ့ အစ်ကိုကို လာအဖမ်းခံရင် လွှတ်ပေးမယ်လို့ ဈေးထဲမှာပြောသွားတယ်။ သူတို့တွေ အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းတာသိလည်း သူတို့ကိုကြောက်လို့ ဘယ်သူမှ ဝင်မပါရဲဘူး”ဟု ပုလောဒေသခံတစ်ဦးက ရှင်းပြသည်။
ပုလောမြို့နယ် ၂၈၅ တပ်ရင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအနေနှင့် လွတ်မြောက်နယ်မြေအတွင်းသို့ စစ်ကြောင်းထိုး တိုက်ခိုက်ခြင်း ယခင်လိုမပြုတော့ဘဲ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာ PDFနှင့် ဆက်နွယ်ပတ်သက်သူ ဟူ၍လည်းကောင်း၊ PDF တပ်ဖွဲ့များသို့ ရိက္ခာထောက်ပံ့သူ ဟူ၍လည်းကောင်း၊ PDFတပ်ဖွဲ့ဝင်များဟူ၍ လည်းကောင်း အမှုဆင်စွပ်စွဲကာ ဖမ်းဆီးမှုများ ရှိနေခြင်း ဖြစ်သည်။
“တကယ်တော့ ဖမ်းခံထားရတဲ့သူတွေက ဒီဘက်နဲ့ပတ်သက်မှုကို မရှိတဲ့သူတွေ။ သူတို့တွေက ရည်ရွယ်ချက်ရှိရှိ အမှုဆင်ဖမ်းပြီး ကျွန်တော်တို့နဲ့ မပတ်သက်ရဲအောင်လုပ်တာ။ ဒီနေ့အထိ ဖမ်းဆီးခံရတဲ့ပြည်သူက ၁၈ ဦးရှိပြီ။ ခွေးတွေက လာမတိုက်ရဲတော့ အပြစ်မဲ့ သူတွေကို ရန်ရှာနေတာ”ဟု ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လက်ရှိတွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ လုံခြုံရေး တိုးမြှင့်ချထားကာ အပြစ်မဲ့ ပြည်သူများကို ၅၀၅ ပုဒ်မတပ်၍ နေ့ညမရွေး ဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: