fbpx

အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာရွာသားများအား စစ်ဆေးဖမ်းဆီးမှုပြုလုပ်လာ

                                                            Photo – MPA / ဘူးသီးတောင်မြို့နယ်၊မြောင်းနား ရိုဟင်ဂျာကျေးရွာကိုတွေ့ရစဉ်
By MPA
အကြမ်းဖက်စစ်တပ်က ရခိုင်ရှိ ရိုဟင်ဂျာများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လာနေကြောင်း ရိုဟင်ဂျာများက ပြောသည်။
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာနှစ်ဦးကို အကြမ်းဖက်စစ်တပ်မှ မေလ ၂၂ ရက် ၊ ည ၁၁ နာရီ အချိန်ခန့်က နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
”လူဦးရေ၊ အိမ်ထောင်စုစာရင်းစစ်မယ်ဆိုပြီး ဝင်ဖမ်းသွားတာပါ။ မနေ့ကတော့ သုံးယောက်ပါသွားပါတယ်။ နောက်နေရာတွေ မှာတော့ အတိအကျမသိရသေးပါဘူး ” ဟု ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာရွာသားတစ်ဦးက MPA သို့ပြောသည်။
အဆိုပါဖမ်းဆီးခေါ်ဆောင်ခံသွားရသူများမှာ ဘူးသီးတောင်မြို့နယ်၊ ဘကုံးနားကျေးရွာအုပ်စု၊ မြောင်းနားကမ်းကျေးရွာနေ မော်လဝီ မာမတ် တော်ယုပ်၊မြောင်းနားအုပ်စု၊ မြောင်းနားရွာနေ အဘာဒူလ္လာနှင့်အာလီမာမတ်တို့ဖြစ်ကြောင်း မြောင်းနားကျေးရွာသားတစ်ဦးက ပြောသည်။
ထိုဖမ်းဆီးခံသွားရသော ရိုဟင်ဂျာရွာသားသုံးဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမသိရသော်လည်း မြောင်းနား ကျေးရွာ အကျော်ရှိ နယ်ခြားစောင့်တပ်ရင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်နိုင်ကြောင်း ရွာသားများကဆိုသည်။
”ဒီနှစ်ဧပြီလကတည်းက ကျနော်တို့ရိုဟင်ဂျာတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးတာတွေပြုလုပ်လာနေပါတယ်။ စစ်တွေမှာရော ဒီမှာရောဖြစ်နေပါတယ်။ ရွာတွေမှာလည်း လာပြီးစခန်းချနေကြတယ် ”ဟု ရခိုင်ရှိရိုဟင်ဂျာတစ်ဦးက MPA သို့ပြောသည်။
ပြီးခဲ့သည့်ဧပြီလကလည်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာတချို့မှ ရိုဟင်ဂျာများကို အကြမ်းဖက်စစ်တပ်မှဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သကဲ့သို့ ယခုလအတွင်းတွင်လည်း စစ်တွေမြို့ရှိ ရိုဟင်ဂျာအချို့ကိုရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ယူ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
”ကျွန်တော်တို့ရွာနဲ့ ဝရကျွန်းရွာမှာ စစ်သားတွေရောက်နေတာ လေးငါးရက်ရှိပါပြီ။ ရာနဲ့ချီပြီး လက်နက်အပြည့်အစုံနဲ့ရောက်နေတော့ ရွာသားတွေစိုးရိမ်ကြောက်လန့်နေကြပါတယ် ”ဟု ဘူးသီးတောင်မြို့နယ်၊ ဒိုးတန်းကျေးရွာသားတစ်ဦးက MPA သို့ပြောသည်။
ရခိုင်တွင် ရိုဟင်ဂျာအများစုရှိနေသော ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအချို့တွ င် ယခုနှစ်၊ မေလ ၁၅ ရက်နေ့ညနေမှ စတင်ပြီး လက်နက်ရိက္ခာအပြည့်အစုံဖြင့် အကြမ်းဖက်စစ်တပ်မှ အင်အားရာချီ လာရောက်တပ်စွဲနေထိုင်နေကြပြီး ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ချောင်း ညာဖက်ရှိ ဒိုးတန်းနှင့် ဝရကျွန်း ရိုဟင်ဂျာကျေးရွာနှစ်ရွာတွင် စစ်သားနှစ်ရာနီးပါး တပ်စွဲနေထိုင်နေကြောင်း ရွာသားများကဆိုသည်။
”ဒိုးတန်း၊ ဝရကျွန်းဖက်မှာက စစ်သားနှစ်ရာလောက်ရောက်နေပါတယ်။ မယူမြစ်နားကရွာမှာတော့ အေအေဖက်က တစ်ရာလောက် ရောက်နေပါတယ်။တဖက်ဖက်ကရှေ့တိုးလာရင်တော့ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ် ” ဟု ဘူးသီးတောင်မြို့နယ်၊ ဝရကျွန်း ကျေးရွာသား တစ်ဦးက ဆိုသည်။
ရခိုင်တွင် အကြမ်းဖက်စစ်တပ်ဘက်မှ ကျေးရွာတချို့ကို ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာနေပြီး ပြည်နယ် ကောင်စီရုံး စိုက်ရာ စစ်တွေမြို့၊ဆတ်ရိုးကျရပ်ကွက်ကိုလည်း မေလ ၂၂ ရက်နေ့၊ ညနေ ၉ နာရီခွဲခန့်က စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများ လာရောက်စစ် ဆေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ရခိုင်တွင် အကြမ်းဖက်စစ်တပ်က ရခိုင်-မူဆလင် လူမှုသဟဇာတ​ဖြစ်နေမှုများကို နှောက်ယှက်နေကြောင်း ရက္ခိုင့်တပ်တော်(AA)က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။
အကြမ်းဖက်စစ်တပ်၏ မေလ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ရခိုင်၌ အေအေဖွဲ့၏အပြုအမူများမှာ တိုက်ပွဲခေါ်သလို ဖြစ်နေပြီး တစ်ခုခုဖြစ်လာပါက ပြည်သူများသာနစ်နာမည်ဟု ပြောဆိုထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: