fbpx

အကြမ်းဖက် စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် အပြစ်မဲ့ပြည်သူ ၁၇၀ နီးပါး သေဆုံး

By MPA
၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၁၂ အထိ အပြစ်မဲ့ပြည်သူ ၁၇၀ နီးပါးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ရှိခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ Facebook အကောင့်တွင် ဖော်ပြအသိပေးသည်။
အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကနီမြို့နယ် ယင်းရွာနှင့် ကုန်းသာရွာနားတွင် ရွာသူရွာသား ၁၅ ဦးကို တစ်နေရာတည်း၊ တချိန်တည်း သတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၂၆၊ ၂၇၊ ၂၈ နှင့် ၃၁ ရက်နေ့များတွင်လည်း ယင်းရွာ၊ ကြက်ချောင်းတောတိုက်ရွာနှင့် တောင်ပေါက်ရွာများတွင်လည်း ဆက်လက် သတ်ဖြတ်ခဲ့သော်ကြောင့် တစ်လတည်းတွင်ပင် အသတ်ခံရသည့် ရုပ်အလောင်း ၄၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ၎င်းက ဆက်လက်ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် သတ်မဖြတ်မှုသည် မရပ်တန့်ခဲ့ဘဲ ဒီဇင်ဘာ ၇ ရက်နေ့ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာက အသက် ၁၄ နှစ်မှ ၁၇ အကြား လူငယ်လေးဦး အပါအဝင် ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်။
ဒီဇင်ဘာလ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာရှိ အမျိုးသမီး၊ ကလေးငယ်များ အပါ ၄၉ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြန်သည်။
ယင်း သေဆုံးသူစာရင်းတွင် Save the Children ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ချင်းပြည်နယ် မတူပီမြို့နယ်မှ ဒေသခံ ၁၁ ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ပြန်သည်။
ထို့နောက် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဘဒတ္ထိုင်းကျေးရွာတွင်လည်း အကြမ်းဖက် စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့သည့် ရုပ်အလောင်း ၈ လောင်းကို တွေ့ရှိခဲ့ပြီး ထိုထဲတွင် ၅ ဦးသည် မီးရှို့ အသတ်ခံရခြင်းဖြစ်သည်။
ထို့ပြင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ သားအမိ ၃ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး မှတ်တမ်းများအရ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရွှေဘိုရွာက ရွာသား ၅ ဦးလည်း မီးရှို့သတ်ဖြတ်ခံပြန်သည်။
၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အုတ်ဖိုရွာတွင် PDF ၃ ဦးနှင့် ဒေသခံ ၁ဦ၊ စုစုပေါင်း ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီဘက်က မီးရှို့သတ်ဖြတ်ခဲ့ပြန်သည်။
ထို့ပြင် ဧပြီလ ၁၉ ရက်နေ့တွင် အမျိုးသား ၉ ဦးမီးရှို့သတ်ဖြတ်ခံခဲ့ရပြီး မေလ ၁၂ ရက်နေ့တွင် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာတွင် မီးရှို့ သတ်ဖြတ်ခံရသည့် ရုပ်အလောင်း ၂၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းအချက်အလက်များကို လက်နက်မဲ့ သို့မဟုတ် ကာကွယ်မှုမဲ့နေသူများ အမြောက်အမြားသတ်ဖြတ်ခြင်း၊ တစ်နေရာတည်း သို့မဟုတ် ဒေသတစ်ခုအတွင်းကျူးလွန်ခြင်း၊ တချိန်တည်း သို့မဟုတ် နေ့ရက်ကာလ မကွာဘဲ ကျူးလွန်ခြင်း၊ ကျူးလွန် ခံရသူများသည် တဖွဲ့တည်း သို့မဟုတ် ဘက်တစ်ဖက်တည်း ဖြစ်လေ့ရှိခြင်း၊ ကျူးလွန်ခံရသူများသည် လူမျိုးတူ၊ ဘာသာတူ၊ အုပ်စုတူ၊ အခြေအနေတူများ ဖြစ်လေ့ရှိပြီး သတ်ဖြတ်ခံရသည့် ပုံစံ၊ ဖျောက်ဖျက် ဖျက်ဆီးမြှုပ်နှံထားမှုပုံစံနှင့် သတ်ဖြတ်ခဲ့သည့် ရည်ရွယ်ချက်များတူညီသည့် အချက်အလက်များဖြင့် မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ Facebook အကောင့်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: